KNPP မှ အစိုးရတို့အား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ တင်ပြထားတဲ့ အရေးကြီးတဲ့ အချက် ၂၀ ချက်ထဲမှာမှ အချက် ရ၊ ၈၊ ၉ နဲ့ ၁၈ ဟာ နိုင်ငံရေးစကားပြောဖို့ ပထမအခြေခံ ခြေလမ်းတခုဖြစ်တဲ့အတွက် ပိုပြီး အဓိကကျတယ်လို့ ဆိုပါတယ်။
အချက် ၁၈ က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ၆ လအတွင်း တတိုင်းတပြည်လုံးအသွင် ဆောင်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု စတင်နိုင်ရန် အမြန်ဆုံး အကောင်အထည် ဖော်ပေးရန်ဖြစ်တယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ တင်ပြလိုက်တဲ့ အချက်များအား သမ္မတ ဦးသိန်းစိန်ထံပြန်လည် တင်ပြပေးမယ်လို့ အစိုးရမှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။
“တင်ပြတဲ့ အချက်လေးတွေကို လက်ခံပါတယ်။ လက်ခံပြီးတော့ ကျနော်တို့ လုပ်ပေးနိုင်တာ ကျနော်တို့ ပြောပေးမယ်။ ပြီးရင် တချို့အရာတွေကျတော့ သမ္မတကြီးကို ပြန်တင်ပြပါ့မယ်။ တင်ပြပြီးတဲ့အခါ အဲဒီတင်ပြပြီးတဲ့ ဥစ္စာကို ကျနော်တို့ အချိန်မှီ ပြန်ပြီး ပြောပြပါ့မယ်။ အကယ်၍ ဦးရယ်တို့ ဒီဆွေးနွေးပွဲမှာ သဘောတူတယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရပါ့မယ်။ ပြည်နယ်အဆင့်ပေါ့နော်။ ပြည်နယ်အဆင့် လက်မှတ်ထိုးပြီးတဲ့အခါကျမှ ကျနော်တို့ နောက်ထပ် လုပ်ငန်းစဉ်တွေ တောက်လျှောက် ဆက်လုပ်လို့ရမှာ ဖြစ်ပါတယ်” လို့ ဦးအောင်မင်းက ပြောပါတယ်။
နိုင်ငံရေးပြဿနာဟာ အဓိက အခြေခံတဲ့အတွက်ကြောင့် နိုင်ငံရေး ပြဿနာပြေလည်မှသာလျှင် ပြဿနာ အားလုံး ပြေလည်မှာဖြစ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါတယ်။
“အပစ်အခတ်ရပ်စဲမှုက နိုင်ငံရေးစကားပြောဖို့အတွက် ပထမ အခြေခံ ခြေလမ်းလို့ ကျနော်တို့ နားလည်တယ်။ အဲဲဒီအဆင့်ကို မကျော်လွှားပဲနဲ့တော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို စတင်လို့ မရဘူးလို့ ကျနော်တို့ ထင်တယ်။ ဆိုလိုတာက လက်နက်ကိုင် ပဌိပက္ခဟာ အဲဒီနိုင်ငံရေး ပြဿနာကို အခြေခံပြီးတော့ ပေါ်ပေါက်လာတဲ့အတွက် ကြောင့် ဒီနှစ်ခုဟာ ဆက်စပ်နေတယ်” လို့ ခူဦးရယ်က ပြောပါတယ်။
ထိုနည်းအတူပဲ အချက် ရ၊ ၈၊ ၉ ချက်တွေမှာလည်း ပြန်လည် နေရာချထားရေး၊ အကြီးစား စီမံကိန်းနဲ့ ပြုပြင်မွမ်းမံမှုများ ယာယီရပ်ဆိုင်းရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ရပ်တန့်ရေး စတဲ့အချက်များဟာ လူမှုဘဝ လုံခြံုရေးနဲ့ လူနေမှုဘဝ ဖူလှုံရေးအတွက် အဓိက အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ ပြည်သူလူထု ဘဝ လုံခြံုမှုနဲ့ ဘဝဖူလှုံမှုက ကျနော်တို့ ဒီနှစ် ၆၀ ကျော် ခုန နိုင်ငံရေးပြဿနာ မပြေလည်လို့ စစ်ရေးဖြစ်ပွားလို့ပဲ သူတို့ ဘဝ လုံခြံုမှု မရှိဘူး။ နောက်သူတို့ရဲ့ စားဝတ်နေရေးဟာ မဖူလှုံဘူး။ ကျနော်တို့ နိုင်ငံရေး ပဋိပက္ခကြောင့် ဖြစ်တယ်” လို့ ခူဦးရယ်က ပြောပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ အစိုးရတို့ဟာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးအတွက် ပြီးခဲ့တဲ့ မတ်လ ရ ရက်နေ့မှာ ကရင်နီပြည် လွိုင်ကော်မြို့မှာ ပဏာမ သဘောတူ လက်မှတ် ရေးထိုးကြပါတယ်။
KNPP ဘက်က တင်ပြထားတဲ့ အချက် ၂၀ ထဲမှ အရေးကြီးဆုံးလို့ ဆိုတဲ့အချက်များမှာ…
၇။ နှစ်ဖက် အပစ်အခတ် ရပ်စဲထားသည့် ကာလအတွင်း အပြန်အလှန် ယုံကြည်မှု တည်ဆောက်ပြီး အခြေအနေ တည်ငြိမ်ပြီဟု သေချာစေပြီး အာမခံပေးနိုင်သည့် အချိန်ကျမှသာ ပြည်တွင်း ပုန်းအောင်းနေထိုင်သည့် လူထုများအား ပြန်လည်နေရာချထားရေး အစီအစဉ်ကို စတင်ဆောင်ရွက်နိုင်ရန် နှစ်ဖက် ထပ်မံညှိနှိုင်း ဆောင်ရွက်မည်။
၈။ ကရင်နီပြည်အတွင်း အကောင်အထည်ဖော်မည့် အကြီးစား စီမံကိန်းများနှင့် ပြုပြင်မွမ်းမံမှုများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနေမှု မပြီးပြတ်သေးသည့် ကာလအတွင်း ယာယီရပ်ဆိုင်းထားရန်။
၉။ တပ်ဖွဲ့ အသီးသီးမှ ကရင်နီပြည်သူလူထုများ၏ ဘဝလုံခြံုမှုကို ထိပါးစေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ရန်။
၁၈။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် (၆) လအတွင်း တတိုင်းတပြည်လုံးအသွင် ဆောင်သည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု စတင်နိုင်ရန် အမြန်ဆုံး အကောင်အထည်ဖော်ရမည်။