အသိမ်းခံ လယ်မြေအတွက် လျော်ကြေး တောင်းသူ ခြိမ်းခြောက်ခံရ

အသိမ်းခံ လယ်မြေအတွက် လျော်ကြေး တောင်းသူ ခြိမ်းခြောက်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်- ကျောက်ချောင်းလမ်း ဖေါက်လုပ်ရာတွင် အသိမ်း ခံလိုက်ရသော လယ်မြေအတွက် လျော်ကြေးတောင်းသူကို ဒေသ အာဏာပိုင်များက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း သတင်း ရရှိသည်။

ရမ်းဗြဲမြို့နယ် ကျွန်းပတ်လမ်း တစ်နေရာ( ဓါတ်ပုံ- နိရဥ္စရာ)
" ကျောက်ချောင်းနဲ့ ကျောက်နီမော်လမ်း စီမံကိန်းမှာ မြေပိုင်ရှင် ကိုကျော်ဉာဏ်ရဲ့ မြေကို စည်ပင်က သိမ်းယူပြီး လမ်းခင်းဖို့ ကျောက်တူး ကြပါတယ်။ ဒါကြောင့် လယ်မြေတွေ အများကြီး ပျက်စီး သွားပါတယ်။ အဲဒီ မြေယာတန်ဖိုးကိုလည်း စည် ပင် အဖွဲ့က မပေးပါ။ မြေပိုင်ရှင် ဦးကျော်ဉာဏ်က ဒီမြေတွေအတွက် လျော်ကြေးတောင်းတော့ ဒီလို လုပ်ရမလားဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ရမ်းဗြဲမြို့ကို အရောက်လာရမယ်လို့ ဆင့်ခေါ်ထားပါတယ်" ဟု ဦးကျော်ဉာဏ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဦးကျော်ဉာဏ်အား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သူမှ မတ်လ ၁၄ ရက်နေ့အရောက် မြို့နယ် ရုံးကို လာရမည်ဟု ဆင့်ခေါ်သော်လည်း မသွားရောက်ခဲ့သဖြင့် ယခုအခါ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း သူက ဆက်ပြောသည်။

" လမ်းဖေါက်လုပ်နေတဲ့ အဖွဲ့ကိုလည်း သူ့မြေက ကျောက်တွေကို မတူးဖို့ ဦးကျော်ဉာဏ်က ဟန့်တားတဲ့ အတွက် ဒီလို လုပ်ရင် ထောင်ချမယ် ဆိုပြီး ခြိမ်းခြောက်ထားတာကြောင့် ဦးကျော်ဉာဏ်က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို မသွားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဦးကျော်ဉာဏ်က လယ်အသိမ်းခံရတဲ့ အပြင် အာဏာပိုင် တွေရဲ့ ခြိမ်း ခြောက်တာကိုပါ ခံနေရတဲ့ အနေအထားမှာ ရောက်နေပါတယ်။"

ရမ်းဗြဲမြို့နယ် အတွင်း ကျွန်းပတ်လမ်းဖေါက်လုပ်နေရာ ကျောက်နီမော်- ကျောက်ချောင်းလမ်းပိုင်း အတွင်း တည်ရှိသော ဦးမောင်ကျော်ဉာဏ်၏ လယ်မြေ ၂ ဧကခန့်ကို အာဏာပိုင်များက သိမ်းယူသွားခဲ့သည်။

ရမ်းဗြဲမြို့နယ် ကျွန်းပတ်လမ်းကို နယ်စပ်ဒေသ စည်ပင်သာယာရေးအဖွဲ့က ဦးဆောင် လုပ်ကိုင်နေပြီး ၎င်းမြေကို ရမ်းဗြဲ မြို့ စည်ပင်အင်ဂျင်နီယာရုံးက သိမ်းယူထားခြင်း ဖြစ်သည်။

ရမ်းဗြဲမြို့နယ် ကျွန်းပတ်လမ်းကို ရမ်းဗြဲ-ကျောက်နီမော်လမ်း၊ ကျောက်နီမော်မှ ကျောက်ချောင်း တိုက်နယ် ဇီးတောထိ ဖေါက်လုပ်နေပြီး ထိုမှတဆင့် ဦဂ ပင်လယ်ကမ်းနား တလျှောက် သို့ ဖေါက်လုပ်မည် ဖြစ်ကာ ထိုမှ တဆင့် အောင်လှပြင်- ကျောက်နဂါးမှတဆင့် လေးတောင်တိုက်နယ် ဇရပ်ပြင်၊ ကင်း၊ မရွင်းကို ဖြတ်ပြီး ကျောက်ဖြူမြို့အထိ ဖေါက်လုပ်နေခြင်း ဖြစ်သည်။

Most read this week