ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ်ရုံးကို ထိုင်းနိုင်ငံအတွင်း ၆ နေရာ၌ ဖွင့်လှစ်မည်ကြောင်း သိရှိရပါသည်။
“ချင်းမိုင်မှာတော့ စနမ်ကီးလားကျိတ်ရွိုင့်ပီ(နှစ် ရ၀၀ အားကစားကွင်း)မှာ ရုံးဖွင့်မယ်။ မြန်မာဘက်က တာဝန်ရှိသူတွေ ၈ ယောက်လောက်ရောက်နေပြီ။ ဘယ်နေ့ဖွင့်မယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ ဒါပေမဲ့ဒီလအတွင်းဖွင့်နိုင်အောင် ကြိုးစားမယ်လို့ ထိုင်းဘက်က ပြောတယ်။ ထိုင်းဘက်က အဆင့်သင့်မဖြစ် သေးလို့” ဟု MAP ဖောင်ဒေးရှင်းမှ ဝန်ထမ်းတစ်ဦးက ပြောပါသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားယာယီနိုင်ငံကူးလက်မှတ်ရုံးများကို ချင်းမိုင်၊ ဘန်ကောက်၊ မဟာချိုင် (ဆမွတ်ဆာခွန်း)၊ ဆမွတ်ပရာကန်၊ ဆူရတ်ထာနီနှင့် တပ်ခ်(မဲ ဆောက်)တို့၌ ဖွင့်လှစ်ထားမည်ဖြစ် သည်။
အလုပ်လုပ်ခွင့်သက်တမ်းကုန်ဆုံးတော့မည့် ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းအလုပ်သမားရုံး၌ ဦးစွာ သက်တမ်းတိုးရမည်ဖြစ်ကြောင်း၊ ထို့နောက် မူလနိုင်ငံသားစီစစ်ရေးဖောင်တင်ရမည်ဖြစ်ကြောင်း ၎င်းက ဤကဲ့သို့ ဆက်ပြောပါသည်။
“မူလနိုင်ငံသားစီစစ်ရေးဖောင်တင်ပြီးမှ ထိုင်းဘက်က မြန်မာဘက်ပတ်စ်စပို့လုပ်ပေးမဲ့သူတွေကို အဲဒီ ဖောင်တွေသွားပေးမှာ။ မြန်မာဘက်ကလဲ အချက်အလက်တွေပြည့်စုံ၊ မပြည့်စုံစစ်ပြီးမှ ပတ်စ်စပို့လုပ် ဖို့ ချိန်းမှာ။ ဂျွန် ၁၄ ရက်နေ့အထိဘဲ ဒီမှာရုံးဖွင့်မယ်ဆိုတော့ ဂျွန် ၁၄ ရက်နေ့မတိုင်ခင် ဖောင်သွားတင် ဖို့ တိုက်တွန်းချင်တယ်။ ကိုယ်တိုင်သွားတင်လို့ရတယ်။ အကျိုးဆောင်တွေမလိုဘူး။ အခုဖောင် စတင် လို့ရပြီ။”
Visa ဘတ် ၅၀၀၊ Passport ၆၀ ဘတ် ၊ အလုပ်သမားကဒ် ၄၀ ဘတ်ကို မြန်မာဘက်သို့ ပေးသွင်းရမှာ ဖြစ်ပြီး အလုပ်လုပ်ခွင့်(work permit)အတွက် ဘတ် ၁၄၀၀ ကို ထိုင်းအလုပ်သမားရေးရာဌာနသို့ ပေးသွင်းရမှာဖြစ် ကြောင်း သိရပါသည်။
“ချင်းမိုင်မှာ လာဖွင့်တော့ ကျမတို့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိုပြီးအဆင်ပြေတယ်။ နယ်စပ်ထိ မသွားရတော့ အချိန်ကုန်သက်သာတယ်။ ငွေကုန်ကြေးကျသက်သာတယ်။ လူလဲမပင်ပန်းဘူး။ သွားရ လာရလဲ လွယ်ကူတယ်” ဟု ချင်းမိုင်ရွှေ့ပြောင်းအလုပ်သမား နန်းမွန်း က ပြောပါသည်။
နယ်စပ်သို့ ယာယီနိုင်ငံကူးလက်မှတ်သွားရောက်လုပ်ကိုင်လျှင် အကျိုးဆောင်အဖွဲ့ပေါ်မူတည်၍ ဘတ် ၄၈၀၀ မှ ၆၀၀၀ ကျော်ထိ ကုန်ကျလေ့ရှိသည်ဟုဆို၏။