သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ တခြားဒေသများနည်းတူ မဲပေးပိုင်ခွင့်ရှိသူများအမည်စာရင်း မမှန်သဖြင့် ယခုတကြိမ် ရွေးကောက်ပွဲ၌ ဤကိစ္စကို အစိုးရ ကျင့်သုံး အနိုင်ယူနိုင်ဖွယ်ရှိကြောင်း လားရှိုးမြို့မှ ကျားဖြူပါတီဝင် တဦးကပြောသည်။
“ရွေးကောက်ပွဲကော်မရှင်တွေကနေ သိပ်မမြင်ဖူးတဲ့လူတွေ၊ မရင်းနှီးတဲ့လူတွေ ရဲ့နာမည်စာရင်းတွေ မပါဘူး။ တချို့နေရာမှာ ကျတော့ ၂၀၀၈ က နာမည်စာရင်းဖြစ်နေတယ်။ အဲဒီထဲမှာ တချို့က အဲဒီတုန်းက အသက် ၁၆ နှစ် အခုဆို အသက် ၁၈ နှစ် ပြည့်ပြီလေ။ အဲ- သူတို့လဲ နာမည်စာရင်းက ပါမလာဘူး။ တခြားလူမပြောနဲ့ ကျနော်တို့အိမ်မှာတောင်မှ မဲပေးပိုင်ခွင့် ရှိသူ ရ ယောက်ရှိတာ နာမည် ၄ ယောက်ဘဲပါလာတယ်။ ဒီတခေါက်ရွေး ကောက်ပွဲမှာတော့ ရွေးကောက်ပွဲကော်မရှင်တွေ က ဒီနည်းကိုသုံးပြီး အနိုင်ယူသွားမယ်လို့ထင်တာဘဲ” - လားရှိုးမြို့မှ ကျားဖြူပါတီဝင်တဦးက ပြောသည်။
ယခုလ မတ်ခ်ျလဆန်းပိုင်းက ရပ်ကွက်ရုံးများတွင် ကပ်ထားသည့် မဲပေးပိုင်ခွင့်ရှိသူများစာရင်း ၌ မှန်ကန်မှုမရှိ ကြောင်း၊ အသက်ပြည့်သူများ တချို့မိမိနာမည်မပါသဖြင့် သွားရောက်မေးမြန်းရာ ရပ်ကွက်ရုံးအာဏာပိုင်က - ‘ခရီးထွက်သွားတယ် ထင်လို့ နာမည်မထည့်ထားတာပါ’ ဟုပြောဆိုကြောင်း အမည်မပါသူ အမှတ် ၁၂ ရပ်ကွက်နေထိုင်သူ တဦးက ပြောပါ သည်။
“ အဲဒီလူတွေက မြို့နယ်ရုံးနဲ့ ဝင်ထွက်ကျွမ်းဝင်သူတွေမဟုတ်လို့လဲဖြစ်နိုင်တယ်။ ကျနော်လဲ နာမည်မပါလို့ သွားမေးကြည့် တော့ ပြန်ထည့်ပေးမယ်လို့ပြန်ဖြေလာတယ်။ ဒါကျနော်တို့ ရပ်ကွက် ၃ တခုထဲဖြစ်တာ မဟုတ် ဘူး။ ရပ်ကွက်တိုင်းလိုလို ဖြစ်တာ” ဟု ရပ်ကွက် ၃ မှ ရပ်ကွက်သားတဦးက လည်း ပြောသည်။
သို့သော်မည်သို့ပင်ဆိုစေ သျှမ်းပြည်သားအများစုမှာ နိုင်ငံရေးဖက်စိတ်ဝင်စားသည့်သူနည်းပါးသဖြင့် “နေပါစေ” ဟုဆိုကာ နာမည်မပါသည့်သူများလည်း မဲသွားထည့်ကြမည်မဟုတ် ဟူသည့်အနေအထားကသာ များပြား ကြောင်း၊ ထို့အတွက် စိတ် မကောင်းဖြစ်ရကြောင်း ကျားဖြူပါတီ ခေါင်းဆောင်တဦးက ဆက်လက်ပြောပြသည်။
ယခုလဆန်းပိုင်းကလည်း လားရှိုးမှ နမ့်တူသို့အထွက်လမ်းရှိ အီနိုင်းအုပ်စုမှ အုပ်စု ၊ ရပ်ကွက် ဥက္ကဌ များအား ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရန်အတွက် လားရှိုးမြို့ရှိ ကြံ့ခိုင်ရေးရုံးတွင် ပိုက်ဆံလာ ရောက်ထုတ် ယူကြရန် ဆင့်ဆိုခံရကြောင်း အီနိုင်းမှ ပိုက်ဆံလာရောက်ထုတ်ယူသည့် ရွာသူကြီးများကပြောကြောင်း ကျားဖြူပါတီမှ ဗဟိုအလုပ်အမှု ဆောင်တဦး ကလည်းပြောသည်။
“ စဝ်ဆေထဲန့်အိမ်နဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ ကြံ့ခိုင်ရေးရုံးမှာ သူတို့ပိုက်ဆံသွား ထုတ်ကြတာတွေ့ရတယ်။ ရွာသူကြီး တ ယောက် ကျပ် ၃ သိန်းရတယ်။ အမှန်တော့ အဲဒီ ပိုက်ဆံတွေက ဖွံ့ဖြိုးရေးအတွက်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ပေးကျွေးတာ။ ရွာသားတွေ ကြံ့ခိုင်ရေးပါတီကို မဲထည့်ပေးဖို့ ငှားလိုက်တဲ့သဘော။ အဲဒါကို ရွာသူကြီးလက်ထောက်တွေက မစားရတော့ မကျေနပ်ကြဘူးပေါ့” ဟုလည်း ဆိုပါသည်။
ဧပြီလ ၁ ရက်၌ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မဲဆန္ဒနယ် အမှတ် ၃ အတွက် NLD ပါတီမှ စိုင်းမြင့် မောင်၊ SNDP မှ စိုင်းစံမင်း ၊ USDP မှ ဒေါက်တာနန်းကျိန်ဖောင်းတစ် နှင့် ကိုးကန့် ပါတီမှ လော်ရှင်းကွမ်းတို့ ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ် ကြောင်း သိရပါသည်။