ရွေးကောက်ပွဲ လွှတ်လပ်မျှတမှု ဒေါ်စု စိုးရိမ်နေ

ရွေးကောက်ပွဲ လွှတ်လပ်မျှတမှု ဒေါ်စု စိုးရိမ်နေ
by -
မဇ္စျိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၁ ရက်နေ့့ ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆွယ်စည်းရုံးမှုများနှင့် မဲပေးမှုများတွင် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိမည်ကို အလွန်စိုးရိမ်မိကြောင်း ကြာသပတေးနေ့က ပြောလိုက်သည်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား မတ်လ ၈ရက် ကြာသပတေးနေ့က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ကျင်းပခဲ့သည့် အစည်းအဝေး အပြီးတွင် တွေ့ရစဉ်
“ကျမတို့အနေနဲ့ မဲပေးနိုင်သူစာရင်းတွေနဲ့ ပတ်သက်ပြီး မူမမှန်မှုပေါင်းများစွာကို တွေ့ရှိခဲ့တဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်ကို တစုံတရာ ဆောင်ရွက်ပေးဖို့ လျှောက်ထားခဲ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird နှင့် အတူ ရန်ကုန်မြို့ နေအိမ်ရှေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို လေ့လာသုံးသပ်ရန် တရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာသည့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်ထားသည့် ပိတ်ဆို့မှုများကို ရုပ်သိမ်းရလျှင် ဝမ်းမြောက်မည် ဖြစ်ကြောင်းနှင့် လာမည့် သုံးပါတ်ခွဲအတွင်း ရွေးကောက်ပွဲ ဖြစ်စဉ်ကို အားလုံးက နီးကပ်စွာ စောင့်ကြည့်လိုကြကြောင်း ပြောသည်။

ကနေဒါ အစိုးရ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် မျှတမှုနှင့် ပွင့်လင်းမြင်သာမှု ရှိ/မရှိနှင့် ထွက်ပေါ် လာသည့် ရလဒ်များအား နိုင်ငံတကာ အသိုင်းအဝိုင်းမှ လက်ခံနိုင်ဖွယ် ရှိ/မရှိတို့ကို လေ့လာ စောင့်ကြည့်သွားမည်ဟု John Baird က ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေအနေများ အစစအရာရာ ချောမွေ့ကာ တရားမျှတသည့် ရလဒ်များ ထွက်ပေါ် လာပြီး ထိုရလဒ်များသည် နိုင်ငံတကာအစိုးရများနှင့် လူသားချင်းစာနာမှှု အကူအညီပေးရေး အဖွဲ့အစည်းများမှ အကူအညီများ ပေးအပ်လာစေရန် တံခါးဖွင့်လှစ် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောသည်။

“ပထမဆုံး လိုအပ်ချက် ဖြစ်တဲ့ လူတွေအတွက် အသုံးဝင်မယ့် အကူအညီတွေကို ကျမတို့အနေနဲ့ ကြိုဆိုမှာပါ။ အကူအညီတွေ အားလုံးဟာ ပွင့်လင်းမြင်သာမှုနဲ့ စာရင်းတိကျမှု ရှိသင့်ပါတယ်။ တကယ်လို့ ပွင့်လင်းမြင်သာမှုမရှိဘူး၊ စာရင်းတိကျမှု မရှိဘူး ဆိုရင် ပေးလိုက်တဲ့ အကူအညီတွေဟာ လူတွေအတွက် အကျိုးရှိစေလိမ့်မယ်လို့ ကျမ မထင် ပါဘူး” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် ပြည်သူလူထုအား ကူညီနိုင်ရန်အတွက် အစိုးရအနေဖြင့် ပထမဆုံး ခြေလှမ်းလှမ်းရန် အလွန်အရေးကြီးသည် ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ကနေဒါ အနေဖြင့် မြန်မာ့ လူမှုရေး အဖွဲ့အစည်းများအား အကူအညီများပေးအပ်ရန် အနာဂတ်တွင် စဉ်းစားမည်ဟု ဆိုသည်။

“ကျနော်တို့ အနေနဲ့ ဖွံ့ဖြိုးမှုအတွက် အကူအညီပေးဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းမှုကို စတင်ချင်ပါ တယ်” ဟု Mr John Baird က ပြောသော်လည်း ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိ/မရှိ စောင့်ကြည့်သွားဦးမည်ဟု ဆိုခဲ့သည်။

ကနေဒါ နိုင်ငံသည် ကုလသမဂ္ဂ ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများမှ တဆင့် မြန်မာနိုင်ငံသို့ အကူအညီများ ပေးအပ်နေခဲ့ပြီး ဖြစ်သည်ဟုလည်း ကနေဒါဝန်ကြီးက ပြောသည်။

“နယ်စပ်တလျှောက်နဲ့ နယ်စပ်တွေ နားမှာ ရှိတဲ့ ဒုက္ခသည်တွေနဲ့ အိုးအိမ်ဆုံးရှုံးသွားသူတွေအတွက် အရေးကြီးတဲ့ အကူအညီတွေကို ကျနော်တို့ ပေးအပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ၊ ကုန်သွယ်မှုတွေ၊ ကူးသန်း ရောင်းဝယ်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့အနေနဲ့ ပိုပြီး ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက် ချင်ပါတယ်။ ကျနော်တို့အနေနဲ့ အဲလိုဆောင်ရွက်ဖို့ အထူးစိတ်အားထက်သန်နေပါတယ်” ဟု ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် တိုင်ကြားချက်များအား မည်ကဲ့သို့ ဖြေရှင်းမည်ကိုလည်း စောင့်ကြည့်သွား မည်ဟု Mr John Baird က ပြောဆိုသွားသည်။

Most read this week