KIO က တပ်ကို ပြန်လည် မွမ်းမံနေ

KIO က တပ်ကို ပြန်လည် မွမ်းမံနေ
by -
ဆော်လမွန်
မြန်မာစစ်တပ်နှင့် စစ်ဖြစ်လာတော့မည့် အရေးအတွက် ပြင်ဆင်သည့် အနေဖြင့် ကချင်လွတ်မြောက်ရေး အဖွဲ့သည် သူ၏ လက်နက်ကိုင်တပ်ဖွဲ့ကို ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်နေ ...

 
နယူးဒေလီ (မဇ္ဈိမ)။     ။ မြန်မာစစ်တပ်နှင့် စစ်ဖြစ်လာတော့မည့် အရေးအတွက် ပြင်ဆင်သည့် အနေဖြင့် ကချင်လွတ်မြောက်ရေး အဖွဲ့သည် သူ၏ လက်နက်ကိုင်တပ်ဖွဲ့ကို ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်နေသည်။
 
တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက်များ အဆိုအရ KIO သည် သူ၏ လက်နက်ကိုင်အဖွဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် - KIA ကို ပြန်လည်စုဖွဲ့မှုများ ပြုလုပ်နေပြီး တပ်သားသစ်များလည်း စုဆောင်းနေသည်ဟု သိရခြင်း ဖြစ်သည်။
 
ကေအိုင်အေ ကေဒါများ မိမိတို့၏ တောတွင်းစခန်းများသို့ ပြန်လည် ဆုတ်ခွာသွားနေကြပြီး၊ မိမိတို့ ထိန်းချုပ်ရာ နယ်မြေတဝိုက်တွင် လုံခြံုရေးများ တိုးမြှင့် ချထားနေသည်ကို တွေ့မြင်ခဲ့ရကြောင်းဖြင့် ကချင်ပြည်နယ်အတွင်း လုပ်ငန်းများ လုပ်ကိုင်နေသည့် ကချင်ဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ - KNDG ၏ ဥက္ကဋ္ဌ ဦးအောင်ဝါက ပြောသည်။
 
ကေအိုင်အေသည် ယင်း၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည် ခေါ်ယူနေပြီး၊ တပ်သားသစ်များလည်း စုဆောင်းနေကာ သင်တန်းများ အပြင်းအထန် ပေးနေသည်ဟု သူက ဆက်ပြောသည်။
 
ဤသို့ ကေအိုင်အိုက ပြင်ဆင်မှုများ ပြုလုပ်နေသည်ဆိုသည့် သတင်းသည် မြန်မာစစ်အစိုးရက ဧပြီလကုန်ပိုင်းက အခြား အပစ်ရပ်အဖွဲ့များနှင့်အတူ မိမိတို့၏ တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် အဆိုပြုအပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့များကို စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိရမည်။
 
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA နှင့် ကိုးကန့်အဖွဲ့ဖြစ်သော မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA ကဲ့သို့သော တိုင်းရင်းသား သူပုန်အဖွဲ့ အနည်းငယ်က အဆိုပါ အဆိုပြုချက်ကို လက်မခံ ပယ်ချခဲ့ပြီးဖြစ်သော်လည်း KIO ကမူ အဆိုပါ အဆိုပြုချက်နှင့် စပ်လျဉ်း၍ တရားဝင် တုံ့ပြန်ပြောကြားရခြင်း မရှိသေးပါ။
 
KIO နှင့် KIOနှင့်မြန်မာစစ်အစိုးရ ဆက်ဆံရေးကို အနီးကပ် စောင့်ကြည့်လေ့လာနေသော ဦးအောင်ဝါက ''KIO က သူတို့တပ်ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရမှာကို လိုလားပုံ မရဘူး။ ငြင်းဖို့လည်း ဆုံးဖြတ်ထားပြီးပြီ။ ဒါကြောင့် နောက်ထပ် ဖြစ်လာနိုင်တဲ့ ဖိအားတွေအတွက် ကာကွယ်ဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်တယ်'' ဟု ပြောသည်။
 
လာမည့် ဆွေးနွေးပွဲတွင် စစ်အစိုးရ၏ အဆိုပြုချက်ကို တရားဝင် ပယ်ချရန် KIO က ဆုံးဖြတ်ပြီးဖြစ်သည်ဟု KIO အတွင်းစည်း သတင်းရပ်ကွက်များကို ကိုးကားပြီး ဦးအောင်ဝါက ပြောသည်။
 
''သူတို့ (စစ်အစိုးရနဲ့ KIO ) က ဒီလမကုန်ခင် ဒီပြဿနာနဲ့ ပတ်သက်ပြီး နောက်ထပ် ဆွေးနွေးဖို့ တွေ့နိုင်တယ်'' ဟု သူက ဆက်ပြောသည်။
 
ဧပြီလ နှောင်းပိုင်းတွင် စစ်အစိုးရက ငြိမ်းချမ်းရေးအဖွဲ့ အများအပြားကို သူတို့၏ တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် အဆိုပြုခဲ့သည်။ ဤတပ်ရင်းတရင်းတွင် စစ်သည် အင်အား ၃၂၆ ဦး ရှိမည်ဖြစ်ပြီး၊ မြန်မာစစ်သား ၃၀ ပါဝင်ရမည်ဖြစ်ကာ စစ်အစိုးရက ထိန်းချုပ်ထားမည် ဖြစ်သည်။
 
မြန်မာစစ်အစိုးရနှင့် ၁၉၉၄ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး ရယူထားသော တရုတ်-မြန်မာနယ်စပ် အခြေစိုက် KIO သည် သူတို့၏တပ်ကို အသွင်ပြောင်းလဲရန် စစ်အစိုးရ၏ ဖိအားပေးခြင်းကို ခံနေရသည်။
 
သူတို့အဖွဲ့သည် လွန်ခဲ့သော နှစ်ကတည်းက မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများအတွက် ပြင်ဆင် ထားရှိခဲ့ကြောင်းနှင့် သူတို့အနေဖြင့် စစ်အစိုးရ၏ အဆိုပြုချက်ကို သဘောမတူနိုင်၍ ဖြစ်ကြောင်း KIO အဖွဲ့ဝင်တဦးက အမည်မဖော်ပါရန် မေတ္တာရပ်ခံချက်ဖြင့် ပြောကြားခဲ့သည်။
 
သို့သော် တရုတ်-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ စစ်အစိုးရအနေဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ သူပုန်အဖွဲ့များကို မည်သည့်ထိုးစစ်မျှ လုပ်နိုင်ဖွယ် မရှိကြောင်း ပြောသည်။
 
''သူတို့ (စစ်အစိုးရ) က သူတို့စီစဉ်ထားတဲ့ အထွေထွေ ရွေးကောက်ပွဲကို ထိခိုက်မယ့်ဟာ ဘာမှမလုပ်ချင်ဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲ မပြီးခင် သူတို့က တိုက်မှာ မဟုတ်ဘူး'' ဟု ဦးအောင်ကျော်ဇော က ပြောသည်။
 
သို့သော် လွန်ခဲ့သော ၂ လအတွင်း KIO က စစ်သားသစ်များ စုဆောင်းခြင်းနှင့် ပြင်ဆင်မှုများ ပြုလုပ်သည်ကို သတိပြုမိသော်လည်း မကြာမတင် ကာလတွင် မည်သည့် ပဋိပက္ခမှ ဖြစ်လာနိုင်သည့် အရိပ်အယောင် မရှိကြောင်း သူက ပြောသည်။
 
''၂၀၁၀ ကျော်ရင်တော့ စစ်အစိုးရက ထိုးစစ်ကြီးတွေ လုပ်လာနိုင်ပါတယ်။ ဒါပေမယ့် အဲဒါ မတိုင်ခင်တော့ အလားအလာ မရှိပါဘူး'' ဟု သူက ဆက်ပြောသည်။
 
''စစ်ဖြစ်လာရင် ပထမဆုံး ဒီပဋိပက္ခရဲ့ ဒဏ်ကို ခံရမှာက အရပ်သားတွေပါ၊ ဒါကြောင့် ဘယ်သူကမှ မတိုက်ချင်ဘူး'' ဟု ဦးအောင်ဝါက ပြောသည်။

Most read this week