နယူးဒေလီ (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တင်ပြသော တရားခံပြသက်သေ ၂ ဦး ကို လက်ခံရန် လျှောက်ထားမှုကို ဗဟိုတရားရုံးက ယနေ့ လက်ခံလိုက်ပြီဖြစ်သည်။ သူတို့သည် အင်းစိန်ထောင်ရှိ အောက်ရုံးနှင့် ရန်ကုန်တိုင်း တရားရုံးတို့က ပယ်ချခဲ့သည်။
အဆိုပါ တရားခံပြသက်သေ ၂ ဦးကို ပယ်ချခဲ့သည့် အောက်ရုံးဖြစ်သည့် ခရိုင်ရုံး၏ အမိန့်ကို ပြင်ဆင်ပေးရန် ဗဟိုတရားရုံးတွင် ပြင်ဆင်မှု တင်သွင်းခဲ့ကာ ယနေ့ လျှောက်လဲချက်ပေးခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သော ဦးဉာဏ်ဝင်းက ပြောသည်။
''သူတို့ ဒီအမှုကို လက်ခံလိုက်တယ်လို့ ဗဟိုတရားရုံးက ပြောပါတယ်။ ဒါကြောင့် ခရိုင်ရုံးရဲ့ အမိန့်ကို ပြင်ဆင်ဖို့ စဉ်းစားမှာ ဖြစ်ပါတယ်'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။
သူတို့အနေဖြင့် လျှောက်လဲချက်ကို ယနေ့ ဒေသစံတော်ချိန် ၁ဝ နာရီက ဗဟိုတရားရုံးတွင် ပေးနိုင်ခဲ့ပြီး ဤအမှုကို လက်ခံကြောင်း ဗဟိုတရားရုံးက ဒေသစံတော်ချိန်တွင် မွန်းလွဲ ၂ နာရီတွင် အမိန့်ချခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အဆိုပါ သက်သေ ၂ ဦးကို လက်ခံထိုက်၊ မထိုက် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးရန် နေ့စွဲကို ဗဟိုတရားရုံး ကြော်ငြာသင်ပုန်းတွင် ကပ်ထားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။ ဤသို့ နှစ်ဖက်လျှောက်လဲချက် ပေးပြီးမှ နောက်ဆုံးအမိန့် ချမှတ်မည်ဖြစ်သည်။
အစောပိုင်းကလည်း တရားခံဘက်မှ လျှောက်ထားချက်ကို ရန်ကုန်တိုင်း တရားရုံးက လက်ခံကြားနာခဲ့ပြီး နောက်ထပ် သက်သေတဦးဖြစ်သည့် ဒေါ်ခင်မို့မို့ကို လက်ခံကြောင်း အမိန့်ချမှတ်ခဲ့သည်။ နောက်ထပ် သက်သေ ၂ ဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဝါရင့်သတင်းစာဆရာဖြစ်သူ ဦးဝင်းတင်နှင့် ဒီချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးတို့ကိုမူ အောက်ရုံးဖြစ်သည့် ခရိုင်ရုံးတွင် သက်သေအဖြစ် ထွက်ဆိုခွင့် မပေးဘဲ ပယ်ချခဲ့သည်။ ဦးတင်ဦးသည်လည်း နေအိမ်အကျယ်ချုပ် ကျခံနေရသူ ဖြစ်သည်။
တရားခံပြသက်သေ ဒေါ်ခင်မို့မို့ကို စစ်ဆေးရန် ဇွန်လ ၂၆ ရက်နေ့ကို ချိန်းဆိုလိုက်ကြောင်း အင်းစိန်ထောင်ရှိ ခရိုင်ရုံးက ဇွန်လ ၁၂ ရက်နေ့တွင် ရက်ချိန်းပေးခဲ့သည်။ သို့သော် ''တရားရုံးရက်ချိန်းက ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ပြောင်းနိုင်ပါသေးတယ်။ ဗဟိုတရားရုံးက အမိန့်မချနိုင်သေးရင် နောက်ထပ် ထပ်ပြီး ရက်ရွှေ့ရဦးမှာပါ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဤအမှုသည် နောက်ထပ် ဇူလိုင် သို့မဟုတ် သြဂုတ်လအထိ ကြာသွားနိုင်ကြောင်းနှင့် တဖြည်းဖြည်း တိုးပွားလာနေသော နိုင်ငံတကာဖိအားနှင့် ပြည်တွင်း မငြိမ်မသက်မှုများ လျော့ပါးသွားသည်အထိ စစ်အစိုးရက စောင့်နေလိုကြောင်း တရားခံဘက်မှ အဆိုပြုတင်ပြထားသည့် သက်သေတဦးဖြစ်သည့် ဦးဝင်းတင်က အစောပိုင်းက မဇ္ဈိမကို ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ဝင်းအတွင်း ထိန်းသိမ်းထားပြီး သူမသည် သူမနှင့်အတူနေထိုင်သူ ပါတီဝင် နှစ်ဦး၊ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောနှင့်အတူ အင်းစိန်ထောင်ရှိ အထူးတရားရုံးတွင် အမှုရင်ဆိုင်နေရသည်။
သူမ၏ အင်းယားကန်ဘေးနေအိမ်တွင် အဆိုပါ အမေရိကန်နိုင်ငံသားကို လာရောက်လည်ပတ်ခွင့် ပေးခဲ့၍ဟုဆိုကာ နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံနေရသော ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုထင်ရှားသည်ဟု စီရင်ဆုံးဖြတ်ခံရပါက ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။
Published
Thursday, June 18, 2009 - 19:28
ဗဟိုတရားရုံးမှ တရားခံပြ သက်သေများကို လက်ခံရန် ပြင်ဆင်မှု လက်ခံ
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တင်ပြသော တရားခံပြသက်သေ ၂ ဦး ကို လက်ခံရန် လျှောက်ထားမှုကို ဗဟိုတရားရုံးက ယနေ့ လက်ခံလိုက်ပြီဖြစ်သည်။ သူတို့သည် အင်းစိန်ထောင်ရှိ အောက်ရုံးနှင့် ရန်ကုန်တိုင်း တရားရုံးတို့က ပယ်ချခဲ့ ...