ဒေါ်စုကို ပြန်လွှတ်ရန် နိုင်ငံရေး အကျဉ်းသားဟောင်း ၁ဝဝ ကျော် တောင်းဆို

ဒေါ်စုကို ပြန်လွှတ်ရန် နိုင်ငံရေး အကျဉ်းသားဟောင်း ၁ဝဝ ကျော် တောင်းဆို
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြေညာချက်တွင် ကမ္ဘာတဝှမ်းမှ နိုင်ငံရေး အကျဉ်းသားဟောင်း ၁ဝဝ ကျော်က စုပေါင်းလက်မှတ် ရေးထိုးကာ တောင်းဆိုလိုက်ကြ ...

နယူးဒေလီ။         ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြေညာချက်တွင် ကမ္ဘာတဝှမ်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ၁ဝဝ ကျော်က စုပေါင်းလက်မှတ် ရေးထိုးကာ တောင်းဆိုလိုက်ကြသည်။

ဒေါ်စု လွတ်မြောက်ရေးလှုပ်ရှားမှုအတွက် စာသား၊ ဗီဒီယို၊ ဓာတ်ပုံ စသည်တို့ ပေးပို့နိုင်သော 64forsuu.org ´ဒေါ်အောင်ဆန်းစုကြည်အတွက် စာလုံး ၆၄ လုံး´ အမည်ရှိ အထူးဝဘ်ဆိုဒ်တွင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ဥရောပရှိ နိုင်ငံပေါင်း ၂ဝ ကျော်မှ နိုင်ငံရေး အကျဉ်းသားဟောင်းများက လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

ဤ ဝဘ်ဆိုဒ်ကို ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၏ ၆၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကင်ပိန်းလှုပ်ရှားသူများက ပြုလုပ်ထားကြခြင်း ဖြစ်သည်။

သူတို့က မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု ပိတ်ဆို့ရေး ပြုလုပ်ပါရန် သူတို့က ကုလသမဂ္ဂ လုံခြံုရေးကောက်စီကို တိုက်တွန်းလိုက်ကြသည်။

´သင်၏ လွတ်လပ်မှုကို ဆက်တိုက်ငြင်းပယ်နေခြင်းသည် မြန်မာနိုင်ငံရှိ ၂၁၅၆ ဦးမျှသော နိုင်ငံရေးအကျဉ်းသားများ၏ လူ့အခွင့်အရေးကို လက်မခံနိုင်ဖွယ် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူတို့၏ နိုင်ငံရေး ယုံကြည်ချက်များအတွက် အပြစ်ပေး အရေးယူခံရသည်များနှင့်အတူ ကျွနု်ပ်တို့ ကမ္ဘာတဝှမ်းလုံးမှလည်း စိတ်ဆိုးဒေါသထွက်ကြပါသည်' ဟု အဆိုပါ စာလုံး ၆၄ လုံးရှိ ကြေညာတောင်းဆိုချက်တွင် ရေးသားထားသည်။

ထို့အပြင် 'နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချက်ချင်း လွှတ်ပေးရေး မြန်မာစစ်အစိုးရကို ဖိအားပေးရန်နှင့် စစ်အစိုးရကို အင်အားတောင့်တင်းစေသည့် လက်နက်များကို သူတို့လက်ဝယ်သို့ မရောက်ရှိစေရေးအတွက် ကမ္ဘာတဝှမ်းလုံးမှ လက်နက်ပိတ်ဆို့ အရေးယူမှုများဖြင့် ကန့်သတ်မှုများ ပြုလုပ်ပေးပါရန် ကုလသမဂ္ဂ လုံခြံုရေးကောင်စီသို့ တိုက်တွန်းတောင်းဆိုပါသည်´ ဟုလည်း ဆိုထားသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံ (Kim Dae-jung) ကလည်း သူ၏ စာသားတွင် ´ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် အာရှတိုက်အတွက် ရှက်ဖွယ်´ ဟု ရေးသားထားသည်။

မလေးရှားမှ ဒုဝန်ကြီးချုပ်ဟောင်း အင်ဝါအီဗရာဟင်ကလည်း ´အာဆီယံအဖွဲ့ကြီးအနေဖြင့် မစွက်ဖက်ရေးမူဝါဒကို ဆက်လက်မကျင့်သုံးနိုင်တော့ကြောင်းနှင့် ယခုအချိန်သည် ဒေသတွင်း တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် အတူတကွ လုပ်ဆောင်ကြရမည့် အချိန်ဖြစ်ကြောင်း´ ရေးသားထားသည်။

တရုတ် နိုင်ငံရေး အကျဉ်းသားဟောင်းများဖြစ်သည့် ယွမ်ဝေကျင်း (Yuan Weijing) နှင့် ကျန်းကျင်းယန် (Zeng Jinyan) တို့ အပါအဝင် လက်မှတ်ရေးထိုးသူ အများအပြားသည် သူတို့ကိုယ်တိုင် နေအိမ်အကျယ်ချုပ် ကျခံနေကြရသူများ ဖြစ်သည်။

လက်မှတ်ရေးထိုးသူများထဲတွင် ကိုလံဘီယာနိုင်ငံ FARDC အဖွဲ့၏ ပြန်ပေးဆွဲခြင်းခံရသည့် အထက်လွှတ်တော် အမတ်ဟောင်းနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခြင်းခံရသော အင်းဂရစ်ဘီတန်ကုတ် (Ingrid Betancourt) ၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံ၊ ပိုလန်သမ္မတဟောင်းနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လက်ဘာဝင်ဆာ (Lech Walesa)၊ နှင့် နယ်ဆင်မင်ဒဲလားတို့ ပါဝင်ကြသည်။

အခြား လက်မှတ်ရေးထိုးသူများမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ရှေ့နေ ရှီရင်အီဘာဒီ (Shirin Ebadi)၊ တီယန်မင် လူသတ်ပွဲတွင် အသက်မသေ လွတ်မြောက်ခဲ့သူ ရှောက်ကျန်း (Shao Jiang)၊  ဗြိတိန်နိုင်ငံမှ လူသားချင်း စာနာသည့်အရေး ဆောင်ရွက်သူနှင့် စာရေးဆရာ တယ်ရီဝိတ် (Terry Waite)၊ ချက်သမ္မတနိုင်ငံ သမ္မတဟောင်းနှင့် စာရေးဆရာ ဗားကလက်ဟာဗယ်လ် (Vaclav Havel)၊ နျူကလီးယား သိပ္ပံပညာရှင်နှင့် ယခင် ဆိုဗီယက်ယူနီယံ အတိုက်အခံဟောင်း ယူရီဖီဒိုရိုဗစ် အော်လော့ဗ် (Yuri Feodorovich Orlov) တို့လည်း ပါဝင်သည်။

၁၄ ကြိမ်မြောက် တဦးတည်း ချုပ်နှောင်ထားသည့် အကျဉ်းခန်းထဲတွင် ကျင်းပရမည့် သူမ၏ ၆၄ နှစ် ပြည့် မွေးနေ့ကို အထိမ်းအမှတ်ပြုထားသည့် ´ဒေါ်အောင်ဆန်းစုကြည်အတွက် စာလုံး ၆၄ လုံး´ အမည်ရှိ လှုပ်ရှားမှုတွင် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း၊ ဗြိတိလျှလူမျိုး နာမည်ကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းတို့ ကဲ့သို့သော ပုဂ္ဂိုလ်အကျော်အမော်များ ပါဝင်လက်မှတ်ရေးထိုးထားကြသည်။

Most read this week