ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးအမှု အယူခံဝင်ခွင့်ရ

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးအမှု အယူခံဝင်ခွင့်ရ
by -
ဖနိဒါ
နိုင်ငံကျော် ဟာသသရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုဇာဂနာ ခေါ် ကိုသူရနှင့် အားကစား သတင်းဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးတို့ အယူခံဝင်ရန် လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်က လက်ခံ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ နိုင်ငံကျော် ဟာသသရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုဇာဂနာ ခေါ် ကိုသူရနှင့် အားကစား သတင်းဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးတို့ အယူခံဝင်ရန် လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်က လက်ခံလိုက်သည်။

ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ ကိုဇာဂနာနှင့် ၁၁ နှစ် ကျခံနေသူ ကိုဇော်သက်ထွေး၏ ရှေ့နေများက ဒုတိယအကြိမ် ဗဟိုတရားရုံးချုပ်သို့ အယူခံစာ တင်သွင်းရာ ယခုလ ၃ ရက်နေ့တွင် လက်ခံခဲ့ခြင်း ဖြစ်သည်။  

“အယူခံဝင်ဖို့ လျှောက်လဲချက် ပေးလို့ရတယ်၊ လက်ခံမယ်လို့ ပြောတယ်။ အမှုတွဲ ၄ ယောက်လုံး လျှောက်လဲချက်ကို လက်ခံလိုက်တာ။ ရှေ့နေက သွားတင်တာ။ မျှော်လင့်ချက် ရှိတယ်လေ။ ကျမတို့ မိသားစုအနေနဲ့ ရတဲ့ နည်းလမ်းတွေနဲ့ လုပ်သွားမှာပဲ” ဟု ကိုဇော်သက်ထွေး၏ ဇနီးသည် မခိုင်ချိုက ပြောသည်။

ကိုဇော်သက်ထွေးနှင့် ကိုဇာဂနာ အမှုတွဲများ ကိုသန့်ဇင်အောင်၊ ကတုံး (ခေါ်) ကိုတင်မောင်အေးတို့လည်း ပါဝင်သည်။   

သူတို့အား အီလက်ထရောနစ်အက် ဥပဒေ ပုဒ်မ ၃၃ (က)၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ၅ဝ၅ (ခ)၊ ၂၉၅ (က) ပုဒ်မတို့ အပါအဝင် အမှုပေါင်း ၈ မှု ဖြင့် စွဲဆိုရာတွင် ကိုဇော်သက်ထွေးကို ထောင်ဒဏ် ၁၉ နှစ်နှင့် ကိုဇာဂနာကို ၅၉ နှစ် ချမှတ်ခဲ့သည်။  

သို့သော်လည်း တိုင်းတရားရုံးက ကိုဇော်သက်ထွေးအား ၈ နှစ်၊ ကိုဇာဂနာအား ၂၄ နှစ်လျော့ချပြီး  ထောင်ဒဏ် ၁၁ နှစ်နှင့် ၃၅ နှစ် အသီးသီးကျခံရန်သာ ပြင်ဆင်ပေးခဲ့သည်။

ကိုဇော်သက်ထွေးသည် ရှမ်းပြည်နယ် တောင်ကြီးထောင်၌ အကျဉ်းကျခံနေရပြီး၊ ယခုလ ရ ရက်နေ့က ထောင်ဝင်စာ သွားတွေ့ခဲ့ရာ ကျန်းမာရေး ကောင်းမွန်သည်ဟု ဇနီးသည်က ပြောသည်။  

အလားတူအမှုတခုတွင်တော့  ဘလော့ဂါ ကိုနေဘုန်းလတ်အတွက် ပြီးခဲ့သည့်လ ၂၂ ရက်နေ့က ဒုတိယအကြိမ် အယူခံဝင်ရန် လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်က ပလပ်လိုက်သည်။   

ကိုနေဘုန်းလတ်သည် အီလက်ထရောနစ် ပုဒ်မ အပါအဝင် ထောင်ဒဏ် ၂ဝ နှစ် ချမှတ်ခဲ့ရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်း တရားရုံးက ထောင်ဒဏ် ၈ နှစ်ခွဲ လျှော့ချပေးခဲ့သည်။ ယခုအခါ သူသည် ကရင်ပြည်နယ် ဘားအံထောင်တွင် အကျဉ်းကျခံနေရသည်။

Most read this week