နောက်ဆုံးပေါ် တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါဟု ကုလက ကြေညာ

နောက်ဆုံးပေါ် တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါဟု ကုလက ကြေညာ
by -
ကိုဝိုင်း
နိုင်ငံပေါင်း ရ၄ နိုင်ငံတွင် ဖြစ်ပွားနေသော A (H1N1) တုပ်ကွေးရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ယမန်နေ့တွင် ကြေညာ ...

ချင်းမိုင် (မဇ္စျိမ)။     ။ နိုင်ငံပေါင်း ရ၄ နိုင်ငံတွင် ဖြစ်ပွားနေသော A (H1N1) တုပ်ကွေးရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ယမန်နေ့တွင် ကြေညာလိုက်သည်။

ယခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် A/H1N1 ပိုးကြောင့် ဖြစ်ပွားသည့် ယင်းရောဂါသည် လူအချင်းချင်း ကူးစက်ပျံ့နှံ့နိုင်သည့် စိုးရိမ်ရမှု အဆင့် ၅ သို့ ရောက်ပြီဖြစ်ကြောင်း ကြေညာခဲ့ရာမှ အဆင့် ၆ ဖြစ်သည့် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ - WHO က တိုးမြှင့် သတ်မှတ်ခြင်း ဖြစ်သည်။ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကြေညာရခြင်းလည်း ဖြစ်သည်။

“A(H1N1) ဗိုင်းရပ်စ်ပိုးဟာ လူတဦးကနေ တဦး၊ တနိုင်ငံကနေ တနိုင်ငံကို့ အလွယ်တကူနဲ့ ကူးစက်နိုင်တဲ့ အဆင့်ကို အခု ရောက်နေပါပြီ” ဟု WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာဂရက်ချန်းက ယမန်နေ့ ဂျနီဖာမြို့ အရေးပေါ် အစည်းအဝေး အပြီးတွင် ပြောသည်။

တုပ်ကွေးကျွမ်းကျင်သူ ပညာရှင်များ၊ ကူးစက်ရောဂါပိုးမွှား ပညာရှင်များနှင့် ကျန်းမာရေး တာဝန်ရှိသူများ၏ စမ်းသပ် တွေ့ရှိချက်များအပေါ် အခြေခံ၍ ယခုကဲ့သို့ ကြေညာရခြင်း ဖြစ်ကြောင်း ဒေါက်တာချန်းက ပြောသည်။

ယင်းရောဂါသည် လူပေါင်း ၃ သောင်းခန့် ကူးစက်ခံခဲ့ရပြီး ၁၄၄ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်းလည်း WHO က ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကပ်ရောဂါအဆင့်အဖြစ် ကြေညာလိုက်ခြင်းသည် ရောဂါ ပိုပြင်းထန်လာခြင်းကို ဖော်ပြခြင်း မဟုတ်ဘဲ ကမ္ဘာ့နေရာအနှံ့တွင် ကူးစက်မှု ပိုများလာသည်ကိုသာ ရည်ညွှန်းခြင်း ဖြစ်ကြောင်းနှင့် သို့သော်လည်း သတိထား စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း WHO က ဖော်ပြသည်။

တုပ်ကွေး ကုသကာကွယ်ရေး ဆေးဝါး ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် WHO က ဆွေးနွေးနေကာ၊ ဆေးဝါးများ မကြာမီ လုံလောက်စွာ ထုတ်လုပ်နိုင်တော့မည်ဟု ဒေါက်တာချန်းက ဆိုသည်။

A(H1N1) တုပ်ကွေးရောဂါ စတင်ဖြစ်ပွားသည့် မက္ကဆီကို နိုင်ငံတွင် ဖြစ်ပွားမှု ၆ ထောင်ကျော် ရှိရာမှ သေဆုံးသူ ၁၀၈ ဦးရှိပြီး ကမ္ဘာတွင် သေဆုံးသူဦးရေ အများဆုံး ဖြစ်သည်။ ၎င်းနှင့် နယ်စပ်ချင်း ထိစပ်နေသော အမေရိကန် နိုင်ငံတွင်မူ ဖြစ်ပွားမှု တသောင်းကျော် ရှိသော်လည်း သေဆုံးသူ ၂၇ ဦးရှိပြီး သေဆုံးမှု ဒုတိယအများဆုံး ဖြစ်သည်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ဖြစ်ပွားသူ အနည်းဆုံး ၁၁ ဦးရှိပြီး အသေအပျောက် မရှိသေးပေ။ သို့သော် ရောဂါတွေ့ရှိသည့် စာသင်ကျောင်းအချို့ကိုမူ ပိတ်ထားပြီ ဖြစ်သည်။

A (H1N1) တုပ်ကွေးကို ဝက်သား ရောင်းဝယ်သူများက ဝက်တုပ်ကွေးဟု ခေါ်ခြင်းကို ကန့်ကွက်မှုများ ရှိခဲ့သည်။

ပြင်သစ် အခြေစိုက် နိုင်ငံတကာ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ OIE ကလည်း ဗိုင်းရပ်အသစ်သည် ဝက်တုပ်ကွေး Swine Flu မဟုတ်ကြောင်းနှင့် ဝက်၊ ကြက်ငှက်နှင့် လူတွင် ဖြစ်တတ်သည့် တုပ်ကွေးပိုးများ ပေါင်းစပ်နေပြီး “North American” တုပ်ကွေးပိုးဟု ခေါ်သင့်ကြောင်း အကြံပြုမှုများလည်း ရှိခဲ့သည်။

A(H1N1) တုပ်ကွေးရောဂါ စတင်ပျံ့ပွားပြီး မကြာမီ ဆက်လက် ကူးစက်ခံရမည်ကို စိုးရိမ်သဖြင့် ကမ္ဘာ့နိုင်ငံများတွင် နယ်စပ်များ ပိတ်ခြင်းနှင့် ခရီးသွားလာမှုဆိုင်ရာ စည်းကမ်းများကို တင်းကျပ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

WHO ကမူ ယင်းသို့ မပြုုလုပ်ရန် အကြံပြုပြောဆိုပြီး ဝက်သားကို ကျက်သည်အထိ ချက်ပြုတ် စားသောက်သူများ အနေဖြင့် ရောဂါပိုးကူးစက်ရန် စိုးရိမ်စရာ မရှိကြောင်းနှင့် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း၊ တုပ်ကွေး ဖျားနာမှုဖြစ်ပါက ဆေးဝါးကုသမှုကို ဂရုတစိုက် ခံယူသင့်ကြောင်း အကြံပြုထားသည်။

Most read this week