ရန်ကုန်တမြို့လုံး လျှပ်စစ်မီးလင်းရန် အလှမ်းဝေးဆဲ

ရန်ကုန်တမြို့လုံး လျှပ်စစ်မီးလင်းရန် အလှမ်းဝေးဆဲ
မြို့တော်ဟောင်း ရန်ကုန်တွင် လျှပ်စစ်မီး အချိန်ပြည့် ရရှိရမည့် ကာလသို့ ရောက်ရှိနေသော်လည်း နောက်လအထိ ရရှိဖွယ် မရှိသေးကြောင်း နေပြည်တော်ရှိ အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အရာထမ်းတဦး အပြောအရ သိရ ...

ရန်ကုန်။     ။ မြို့တော်ဟောင်း ရန်ကုန်တွင် လျှပ်စစ်မီး အချိန်ပြည့် ရရှိရမည့် ကာလသို့ ရောက်ရှိနေသော်လည်း နောက်လအထိ ရရှိဖွယ် မရှိသေးကြောင်း နေပြည်တော်ရှိ အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အရာထမ်းတဦး အပြောအရ သိရသည်။

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အတွင်းရေးမှူး ဒု-ဗိုလ်မှူးကြီး မောင်မောင်လတ်က ယခင်နှစ်များကကဲ့သို့ ရန်ကုန်တွင် ဇူလိုင်လအတွင်း ၂၄ နာရီပတ်လုံး လျှပ်စစ်မီး ပြန်ရမည်ဟု မကြာသေးခင်က သတင်းဂျာနယ်များကို ခေါ်ယူပြောဆိုခဲ့သော်လည်း အဆိုပါ ဝန်ကြီးဌာန အရာထမ်းက မဖြစ်နိုင်သေးကြောင်း ပြောဆိုခြင်း ဖြစ်သည်။  

ပုံမှန် မိုးရွာသွန်းသော်လည်း ယခုနှစ်တွင် အပူချိန် လွန်စွာမြင့်မားခဲ့သဖြင့် ရေခမ်းခြောက်မှု များပြားသောကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်သည့် နေရာများတွင် သတ်မှတ်ထားသည့် ရေပမာဏ ပြည့်မီရန် အချိန်ယူရဦးမည်ဟု သူက ဆိုသည်။

ရန်ကုန်တွင် နှစ်စဉ် ဇူလိုင်မှ နိုဝင်ဘာအထိ လျှပ်စစ်မီး ပုံမှန်ရလေ့ရှိပြီး နိုဝင်ဘာနောက်ပိုင်းမှ မတ်လအထိ  ပွင့်လင်းရာသီ၌ ရေအားလျှပ်စစ်ဌာနများသို့ ရေဝင်ရောက်မှု နည်းသွားခြင်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လွှတ်မှု ဖိအားများ ကျသွားခြင်းကြောင့် ဓာတ်အားထုတ်လုပ်မှုပမာဏ လျော့သွားသဖြင့် မြို့နယ်အလိုက် အလှည့်ကျ ဖြန့်ဖြူးပေးနိုင်သည်။  

သို့သော် ယခုအခါ မိုးရွာသွန်းမှု ရှိသော်လည်း အလှည့်ကျ ဖြန့်ဖြူးမပေးနိုင်သည့်အပြင် ယခင်ကထက်ပင် လျှပ်စစ်မီးပြတ်တောက်မှု စံချိန်တင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

လတ်တလော လျှပ်စစ်မီးရရှိမှု အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက “ဒီနှစ် မီးပြတ်တာက တော်တော်ကို အခြေအနေ ဆိုးပါတယ်။ မတ်၊ ဧပြီ လောက်ကဆိုရင် တရက်ကို တနာရီ၊ နှစ်နာရီလောက်ပဲ ရတယ်။ အခုလည်း အလှည့်ကျ ပေးတာတောင် အချိန်မှန်မှန် မရဘူး။ နေ့ဘက်လာရမယ့် အလှည့့်ဆိုရင်တော့ မှန်တတ်တယ်။ ညဘက်လာရမယ့် အလှည့်ဆိုရင် ပြတ်တာများတယ်“ ဟု မဇ္စျိမကို ပြောသည်။  

ရန်ကုန် အပါအဝင် နိုင်ငံတဝှမ်းတွင် လျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် သုံးစွဲသော်လည်း  စစ်အစိုးရ အခြေစိုက်ရာ ကြပ်ပြေးအရပ်တွင်မူ တနှစ်ပတ်လုံး အချိန်ပြည့် ရရှိလေ့ရှိသည်။  

ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ တနိုင်ငံလုံး သုံးစွဲမှု ပမာဏ၏  ၆ဝ ရာခိုင်နှုန်းကျော် ရှိသည်။

Most read this week