ဒေါ်စုအမှု သက်သေ နှစ်ဦးအတွက် ရုံးချိန်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ဒေါ်စုအမှု သက်သေ နှစ်ဦးအတွက် ရုံးချိန်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ငြင်းပယ်ခံထားရသည့် သက်သေ ၂ ဦးအတွက် ဆက်လက်လျှောက်လဲချက်ပေးရန် ဗဟိုတရားရုံးက ယခုလ ၁၇ ရက်နေ့သို့ ရုံးချိန်းရက်ပေးအပြီး နာရီပိုင်းအတွင်း ရက်အကန့်အသတ်မရှိ ရက်ရွှေ့လိုက်ပြန် ...

နယူးဒေလီ။     ။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ငြင်းပယ်ခံထားရသည့် သက်သေ ၂ ဦးအတွက် ဆက်လက်လျှောက်လဲချက်ပေးရန် ဗဟိုတရားရုံးက ယခုလ ၁၇ ရက်နေ့သို့ ရုံးချိန်းရက်ပေးအပြီး နာရီပိုင်းအတွင်း ရက်အကန့်အသတ်မရှိ ရက်ရွှေ့လိုက်ပြန်သည်။

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် သက်သေ ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်တွင် ပြင်ဆင်ခွင့် လျှောက်ထားရာ ဗဟိုတရားရုံးက လျှောက်လဲချက်ပေးရန် ယနေ့ နေ့လယ်ပိုင်းက ယခုလ ၁၇ ရက်နေ့သို့ ချိန်းဆိုခဲ့သော်လည်း ညနေပိုင်းတွင် အကန့်အသတ်မရှိ ရက်ရွှေ့ကြောင်း အကြောင်းကြားခြင်း ဖြစ်သည်။

"ညနေ ၄ နာရီမှာ ဗဟိုတရားရုံးက ပြန်ပြင်တယ်။ ကျနော့်ရဲ့ ရှေ့နေရုံးခန်းကို လာပြီးတော့ ဗဟိုတရားရုံးချုပ် ရှေ့နေ လက်ထောက် ညွှန်ကြားရေးမှူးတဦးက ၁၇ ရက်နေ့ ရက်ချိန်းကို ပယ်ဖျက်တယ်၊ နောက်ထပ်ရက်ချိန်းကို နောက်ထပ် အကြောင်းကြားပါမယ်လို့ ကျနော့်ဆီကို ပြောတယ်။ ကျနော်တော့ မရှိဘူး၊ သူလာပြောတဲ့ အချိန်မှာ။ ကျနော်လည်း ဒီညမှပဲ သိရတယ်။ နောက်ဆက်တွဲက အဲဒါပါပဲ'' ဟု ဒေါ်စုအမှုတွင် အကျိုးဆောင်ပေးသည့် ရှေ့နေ ၄ ဦးအနက် တဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

ခရိုင်တရားရုံးတွင် တရားခံပြ သက်သေ ၄ ဦး အမည်စာရင်း တင်သွင်းခဲ့ရာ တဦးတည်းသာ လက်ခံသဖြင့် တိုင်းရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားရာ နောက်ထပ်တဦး ခွင့်ပြုခဲ့သော်လည်း ကျန်ရှိသည့် ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်သို့ ယနေ့နံနက်ပိုင်းက လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အင်းစိန်ထောင်တွင်းမှ မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်စု၏ ရှေ့နေများက သက်သေ ၄ ဦးပါ အမည်စာရင်းကို စတင်၍ တင်သွင်းခဲ့သည်။

ယခုအချိန်အထိ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မို့မို့တို့ကို သက်သေအဖြစ် လက်ခံထားပြီး၊ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့ကို တိုင်းတရားရုံး အဆင့်က ဆက်လက်၍ ငြင်းပယ်ခဲ့သည်။

Most read this week