ကေအိုင်အို နယ်ခြားစောင့်တပ်အရေး ဇူလိုင်လတွင် ဆုံးဖြတ်မည်

ကေအိုင်အို နယ်ခြားစောင့်တပ်အရေး ဇူလိုင်လတွင် ဆုံးဖြတ်မည်
by -
ဖနိဒါ
ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ - ကေအိုင်အိုက နယ်ခြားစောင့်တပ်အရေးကို လာမည့် ဇူလိုင်လတွင် ဆုံးဖြတ်မည်ဟု အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ပြော ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ - ကေအိုင်အိုက နယ်ခြားစောင့်တပ်အရေးကို လာမည့် ဇူလိုင်လတွင် ဆုံးဖြတ်မည်ဟု အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ပြောသည်။

မြန်မာစစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကိစ္စကို ကေအိုင်အိုက ကချင်ပြည်သူများသို့ အသိပေးထားပြီး ပြည်သူများ၏ အကြံပြုချက်ကို ယခုလကုန်အထိ တောင်းခံထားကာ လာမည့်လအတွင်း ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်သည်။

 “နယ်ခြားစောင့်တပ် ပြောင်းရေး၊ မပြောင်းရေး ပြည်သူကို ချမှပြတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကျနော်တို့ဘက်က ဘယ်လိုလုပ်မယ်ဆိုတာ လုပ်ငန်းသဘောအရ မရောက်သေးပါဘူး။ ဇူလိုင်လလောက်မှာ အဖြေတခုတော့ ထွက်လာမှာပါ" ဟု ဒေါက်တာလဂျာက မဇ္စျိမကို ပြောသည်။

နယ်ခြားစောင့်တပ်အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းက ကေအိုင်အို ခေါင်းဆောင်များကို ပထမအကြိမ် အသိပေးပြောကြားခဲ့သည်။

ပြီးခဲ့သည့်လ ၂၁ ရက်နေ့ကလည်း စစ်အစိုးရ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ကေအိုင်အို ခေါင်းဆောင်များကို နယ်ခြားစောင့်တပ်အရေး ဒုတိယအကြိမ် ကမ်းလှမ်းခဲ့သည်။

ပြီးခဲ့သည့်လ ၃ဝ ရက်နေ့မှ စတင်ကာ ကေအိုင်အိုက နယ်ခြားစောင့်တပ်ကိစ္စနှင့် ပတ်သက်၍ လိုအပ်ပါက စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင် ရ ဦးပါ ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။

ထိုနေ့၌ပင် ကေအိုင်အို ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကချင်လူထုနှင့် နယ်ခြားစောင့်တပ်အရေး ဆွေးနွေးခဲ့သေးသည်။

မြန်မာစစ်အစိုးရနှင့် တာဝန်ယူဆွေးနွေးရန်အတွက် ဗဟိုကော်မတီတရပ် ဖွဲ့စည်းခဲ့ရာတွင် ကေအိုင်အို၏ ဒု-ဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်း ဦးဆောင်ကာ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော်၊ ဗိုလ်ကြီး လဖိုင်လ၊ ဗိုလ်ကြီး ဂေါလိုး လအောင်၊ ဆရာ ကွမ်းထပ် ထိန်နန်နော်နှင့် ဗိုလ်ကြီး ဂျီနောင်နီ စသည့် ရ ဦးတို့ ဖြစ်သည်။

ကေအိုင်အို ဌာနပေါင်းစုံတွင် လက်ရှိ တပ်အင်အား ၂ဝဝဝဝ (နှစ်သောင်း) ဝန်းကျင်ရှိသည်ဟု ဒေါက်တာလဂျာက ပြောသည်။  

Most read this week