ရေဒီယိုအခွန် ပေးဆောင်ရန် သတိပေး

ရေဒီယိုအခွန် ပေးဆောင်ရန် သတိပေး
by -
မေကျော်
အခွန်မဆောင်သည့် ရေဒီယိုများကို ကြိုးမဲ့ကြေးနန်း ဥပဒေအရ အရေးယူနိုင်ကြောင်း မြန်မာစစ်အစိုးရ၏ သတင်းစာများက သတိပေးလိုက်ပြီဖြစ်သည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနက ယခုလ ရ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများကတဆင့် အများပြည်သူသို့ သတိပေး ...

ချင်းမိုင် (မဇ္စျိမ)။     ။ အခွန်မဆောင်သည့် ရေဒီယိုများကို ကြိုးမဲ့ကြေးနန်း ဥပဒေအရ အရေးယူနိုင်ကြောင်း မြန်မာစစ်အစိုးရ၏ သတင်းစာများက သတိပေးလိုက်ပြီဖြစ်သည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနက ယခုလ ရ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများကတဆင့် အများပြည်သူသို့ သတိပေး ရေးသားဖော်ပြလိုက်ခြင်း ဖြစ်သည်။  

“ရေဒီယိုက ၃ နှစ် တကြိမ် အခွန်ဆောင်ရတယ်။ မဆောင်ကြပါဘူး။ အရင်တုန်းကတော့ ဆောင်ကြတယ်။ ၃ နှစ်စာမှ ၆ဝ ကျပ်လောက် ကျတယ််။ အခွန်ဆောင်ရင်တော့ လိုင်စင် စာရွက်ပေးတယ်” ဟု ရန်ကုန်ရှိ စာတိုက် ဝန်ထမ်းတဦးက မဇ္စျိမကို ပြောသည်။  

၂ဝဝ၈ ခုနှစ် မေလဆန်းတွင် နာဂစ်မုန်တိုင်း သင့်ပြီးနောက် မြန်မာပြည်သူများအနေဖြင့် တန်ဖိုးနည်းပြီး လူတန်းစားမျိုးစုံ သုံးစွဲနိုင်သော ရေဒီယိုများကို ပြည်တွင်း ပြည်ပ သတင်းအချက်အလက်မှန် သိရှိရန် အားကိုးလာပြီး အသုံးပြုမှုလည်း သိသာစွာ တိုးတက်လာခဲ့သည်။

“နာဂစ်နောက်ပိုင်း တရုတ်ရေဒီယိုတွေ အရမ်းရောင်းရတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အမှုလည်း ရေဒီယို အရမ်းရောင်းရတယ်။ ရေဒီယိုက ၄၅ဝဝ (ကျပ်) လောက်ဆို ရပြီ” ဟု လျှပ်စစ်ပစ္စည်း အရောင်းဆို်င်ရှင်တဦးက ဆိုသည်။

ရေဒီယိုကို အခွန်ဆောင်၍ အသုံးပြုရသည်ကို လူအများအပြားက မသိရှိကြောင်း စာတိုက်ဝန်ထမ်းက ဆိုသည်။

သူက “အရေးမကြီးပါဘူး။ ဘယ်သူမှ ရေဒီယိုကို အခွန်ဆောင်ရမယ်ဆိုတာ မသိဘူး” ဟု ပြောသည်။

ရေဒီယိုများကို အခွန်မဆောင်ဘဲ အသုံးပြုပါက ကြိုးမဲ့ကြေးနန်းဥပဒေများနှင့် အရေးယူနိုင်ကြောင်း သတင်းစာများမှတဆင့် ယခုလို သတိပေးလိုက်သော်လည်း စာတိုက်များသို့မူ သီးခြား ညွှန်ကြားချက်များ မရောက်သေးကြောင်း သူက ဆက်ပြောသည်။  

ရေဒီယိုအသုံးပြုသူများ စာရင်းကို ယခုနှစ်အတွင်း စာရင်းကောက်ခံခဲ့ပြီး ဂြိုလ်တုစလောင်းများကိုလည်း သာမန်ပြည်သူများ သုံးစွဲခွင့် မပြုရန် စစ်အစိုးရ၏ မူဝါဒကို ဖော်ပြသော ဆောင်းပါးများလည်း နိုင်ငံပိုင် သတင်းစာများတွင် မကြာသေးခင်က ရေးသားဖော်ပြခဲ့ကြသည်။

ထို့အပြင် ဆက်သွယ်ရေး ဝန်ကြီးဌာနက တခါသုံး ဖုန်းကဒ်များ ရောင်းချလာခြင်း၊ စာအိတ်များ ရောင်းချလာခြင်း၊ တယ်လီဖုန်း သုံးစွဲခကို ၃ လစာ ကြိုတင် ငွေပေးချေစေခြင်းတို့လည်း လုပ်ဆောင်လာခဲ့သည်။

ယခု ရေဒီယိုများကို အခွန်ဆောင်ရန် သတိပေးလိုက်သော်လည်း ဂြိုဟ်တု စလောင်းများကိုမူ နှစ်စဉ်ကြေး ထပ်မံပေးဆောင်ခွင့် မပြုသေးကြောင်း သိရသည်။

Most read this week