ရွှေလီ (မဇ္စျိမ)။ ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးနှင့်ပတ်သက်၍ ရှမ်းပြည်ရှိ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို စစ်ဖက်ရေးရာ လုံခြံုရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယခုအခါ ဒုတိယအကြိမ်မြောက် လိုက်လံတွေ့ဆုံလျက် ရှိသည်။
မိုင်းလားမြို့အခြေစိုက် အထူးဒေသ (၄) မှ ဦးစိုင်းလင်း ခေါင်းဆောင်သော အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) နှင့် ဆွေးနွေးရန် စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ပန်ဆန်းမြို့မှ ထွက်ခွာသွားသည်။
ယမန်နေ့က ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် - ရမခ တိုင်းမှူး အောင်သန်းထွဋ်၊ တြိဂံတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မောင်မောင်အုန်းတို့သည် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA ပန်ဆန်းမြို့၌ နံနက်ပိုင်းနှင့် ညနေပိုင်း ခွဲ၍ နှစ်ကြိမ် တွေ့ဆုံခဲ့သည်။ နံနက်ပိုင်းတွင် ဗဟိုခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ညနေတွင် တပ်ကေဒါခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။
ယခုလ ၅ ရက်နေ့ကလည်း လောက်ကိုင်မြို့၌ (သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ) ဦးဖုန်ကျားရှင် ခေါင်းဆောင်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်သွားခဲ့ကြသည့် ထိုအဖွဲ့ ၃ ဖွဲ့လုံးကို ဧပြီလ ၂၈ ရက်နေ့ကလည်း စစ်ဖက်အရာရှိကြီးများ ရောက်ရှိလာပြီး ယခုဒေသအတွင်းရှိ အပစ်ရပ်အဖွဲ့များ၏ တပ်များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အဆိုပြုခဲ့သေးသည်။
စစ်အစိုးရဘက်က အဆိုပြုချက်နှင့် ပတ်သက်၍ ယခု လကုန်ပိုင်းတွင် နောက်ဆုံး အဖြေပေးရလိမ့်မည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။
ငြိမ်းအဖွဲ့များအတွင်း အင်အားတောင့်တင်းသော အဖွဲ့တခုဖြစ်သည့် တပ်အင်အား ၃ သောင်းရှိ ဝပြည် သွေးစည်းညီညွတ်ရေး ပါတီက တပ် အသွင်ပြောင်းရန် လက်မခံနိုင်ကြောင်း မြန်မာစစ်အစိုးရထံ မေလ ၂ဝ ရက်နေ့တွင် စာရေးသားကာ အကြောင်းပြန်ခဲ့သည်။
အဆိုပါ အပစ်ရပ်အဖွဲ့များသည် ၁၉၈၉ ခုနှစ်အတွင်းက ဗမာပြည် ကွန်မြူနစ်ပါတီမှ ရှေ့ဆင့်နောက်ဆင့် ခွဲထွက်ခဲ့ကြသည်။