နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ရှိ အမေရိကန်နှင့် ဗြိတိသျှ သံရုံးများသည် မေလအတွင်း အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ၂၅ ကြိမ် သွားရောက် လည်ပတ်ခဲ့ကြသည်ဟု မြန်မာ အာဏာပိုင်များက စွပ်စွဲ ပြောကြားလိုက်ပါသည်။
ရန်ကုန်ရှိ အမေရိကန်နှင့် ဗြိတိသျှသံရုံးများမှ သံအရာရှိများသည် ဒီချုပ်ရုံးသို့ ၂၅ ကြိမ် သွားရောက်၍ ဒီချုပ်ပါတီဝင်များ ကို ညွှန်ကြားချက်များနှင့် အခြားမသိရသော ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု သောကြာနေ့ထုတ် စစ်အစိုးရအာဘော် မြန်မာ့ အလင်းသတင်းစာက ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။
“ထိုသို့ သွားရောက် လည်ပတ်စဉ်အတွင်း ဒီချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်များနှင့် တွေ့ဆုံကာ စာအိတ်အကြီး အသေးမျိုးစုံနှင့် ပစ္စည်းထုပ်များ ပေးအပ်ခဲ့သည်” ဟု သတင်းစာက ရေးသားထားသည်။
သို့သော် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလဲဖြစ်၊ ဒီချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တဦးလည်းဖြစ်သူ ဦးဝင်းတင် ကမူ ဤသို့ အမေရိကန်နှင့် ဗြိတိသျှ သံအရာရှိများ လာရောက် လည်ပတ်ခြင်းသည် ကမ္ဘာတဝှမ်းရှိ သံတမန်များ၏ ‘ပုံမှန်ဆက်ဆံရေး’ နှင့်အညီ လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ပြောကြားပြီး အဆိုပါ စွပ်စွဲချက်ကို ပယ်ချလိုက်ပါသည်။
“ဒါပုံမှန်ဆက်ဆံရေးဘဲ၊ ဘာမှ အထူးအဆန်း မဟုတ်ဘူး” ဟု ဦးဝင်းတင်က ပြောသည်။
သူတို့ အခြေစိုက်ရာ နိုင်ငံရှိ အစိုးရအဖွဲ့၊ အတိုက်အခံ အပါအဝင် နိုင်ငံရေး ပါတီများ၊ မီဒီယာ အဖွဲ့အစည်းများနှင့် ဆက်ဆံရေး တရပ် ထူထောင်ထားရှိခြင်းမှာ သံတမန်တို့၏ လုပ်ရိုးလုပ်စဉ် ကိစ္စတရပ်သာ ဖြစ်သည်ဟု သူကပြောသည်။
သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် လွတ်လပ်သည့် နိုင်ငံရေးပါတီ တရပ်ဖြစ်ပြီး အမေရိကန်နှင့် ဗြိတိသျှသံ ရုံးများ အပါအဝင် မည်သူ တဦးတယောက်၏ အကြံပေးချက်နှင့် သြဝါဒအတိုင်း လိုက်လုပ်မည့် ပါတီတရပ် မဟုတ်ဟု သူက ပြောသည်။ သို့သော် ဤအကြံပြုချက်များသည် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် သဘာဝ ဘေးအန္တရာယ် အပါအဝင် မြောက်များလှစွာသော ပြဿနာများအပေါ် ကွဲပြားခြားနားသည့် ထင်မြင်ချက်များ စုစည်း ရယူရာ၌မူ အထောက်အကူ ဖြစ်သည်ဟု သူက ပြောသည်။
“အခုလို ပြောလို့ သူတို့ ဘာပြောပြော၊ ဘာအကြံပေးပေး ကျနော်တို့က လက်ခံမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒါ ကျနော်တို့အပေါ်ဘဲ မူတည်တာ” ဟု သူက ပြောသည်။
“တခါတလေ သူတို့က ဒေါ်အောင်ဆန်းစုကြည်အမှု အကြောင်းမေးတယ်။ ကျနော်တို့ ဘယ်လို အမှုဆိုင်နေရလဲ၊ နောက်ထပ် ဘယ်လို တုံ့ပြန် လုပ်ဆောင်သွားဘို့ အစီအစဉ်ရှိလဲ စတာမျိုးတွေပေါ့” ဟု သူက ဆက်လက် ပြောဆိုသည်။ သို့သော် အဆိုပါ သံအရာရှိများ စာအိတ်များ၊ ပါဆယ်ထုပ်များ ယူဆောင်လာသည်ကိုမူ သူက ဝန်ခံ ပြောဆိုလိုက်ပြီး အဆိုပါ စာအိတ်နှင့်ပါ ဆယ်ထုပ်များသည်၊ သတင်းစာများ၊ သတင်းလွှာများနှင့် အခြား ကမ္ဘာ့ရေးရာ စာစောင်စာတန်းများသာ ဖြစ်သည်ဟု သူက ပြောသည်။ ဤသို့သော သတင်းများကို သတင်းစာတွင် ထည့်သွင်းဖော်ပြသည်ကို ကြည့်ခြင်းဖြင့် စစ်အစိုးရသည် NLD ကို စောင့်ကြည့်နေကြောင်းနှင့် NLD ကို အနောက်ယိမ်းသည့်အဖွဲ့ ဖြစ်သည်ဟု နာမည်ဖျက်လိုသည့် သဘောပြသနေသည် ဟု သူကဆိုပါသည်။
“ဒီလို အကြောင်းအရာမျိုးက သတင်းစာထဲတောင် ထည့်ရေးရမဲ့ဟာမျိုး မဟုတ်ပါဘူး။ ဒါ သူတို့အစိုးရ ဘယ်လောက် တုံးသလဲဆိုတာ ပြနေတာ၊ ဒီလိုလုပ်လို့ သူတို့ သိက္ခာကျရုံ ရှိမှာဘဲ” ဟု ဦးဝင်းတင်က ပြောသည်။ NLD ရုံးကိုသွားတာ အံ့အားသင့်စရာ ပြဿနာကြီး မဟုတ်ပါဘူး။ အမေရိကန် အပါအဝင် နိုင်ငံခြား သံတမန်တွေက ပါတီရုံးကို မကြာခဏ သွားနေကြတာဘဲ၊ ဆက်ဆံရေး ကောင်းအောင် လုပ်ထားတာဘဲ ဟု ရန်ကုန်အခြေစိုက် အနောက်နိုင်ငံ သံတမန်တဦးက မဇ္ဈိမကို ပြောသည်။ သို့သော် အဆိုပါ သံတမန်က နောက်ထပ် မှတ်ချက်ပေးရန်ကိုမူ ငြင်းဆိုသွားပါသည်။
“အမေရိကန်နဲ့တင် မဟုတ်ဘူး၊ နိုင်ငံခြား သံတမန်အားလုံးနဲ့ NLD က ပုံမှန် အစည်းအဝေးတွေ လုပ်နေတာဘဲ။ ပါတီဌာနချုပ် ရုံးကို နိုင်ငံခြား သံတမန်တွေ ဖိတ်နေတာဘဲ။ မကြာသေးခင်ကလဲ ရွေးကောက်ပွဲ (၁၉၉ဝ အထွေထွေ ရွေးကောက်ပွဲ) နှစ်ပတ်လည် အခမ်းအနား ကျင်းပခဲ့သေးတာဘဲ။ တခြား နိုင်ငံခြား သံတမန် အများအပြားနဲ့အတူ အမေရိကန် သံရုံးအကြီးအကဲလဲ တက်တာဘဲ၊ ဒါပေမဲ့ ခင်ဗျားပြောတဲ့ စာအိတ်တွေ၊ ပါဆယ်ထုပ်တွေ ဆိုတာတော့ ကျနော်မသိဘူး” ဟု အဆိုပါ သံတမန်က ဆက်လက် ပြောကြားခဲ့သည်။
ဤကိစ္စနှင့် စပ်လျဉ်း၍ မှတ်ချက် ပြောကြားပေးရန် အမေရိကန်နှင့် ဗြိတိသျှသံရုံးများကို ဆက်သွယ်ရာ ယခု ချက်ချင်း ဆက်သွယ်၍ မရခဲ့ပါ။