ဒေါ်စု လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေမည့် လှုပ်ရှားမှု ပြုလုပ်မည်

ဒေါ်စု လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေမည့် လှုပ်ရှားမှု ပြုလုပ်မည်
by -
ကိုဝိုင်း
ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေမည့် လှုပ်ရှားမှုတခုကိုမနက်ဖြန်မှ စတင်၍ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း မိထ္ထီလာမြို့နယ် အန်အယ်ဒီအတွင်းရေးမှူးက ပြော ...

ချင်းမိုင် (မဇ္စျိမ)။     ။ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေမည့် လှုပ်ရှားမှုတခုကိုမနက်ဖြန်မှ စတင်၍ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း မိထ္ထီလာမြို့နယ် အန်အယ်ဒီအတွင်းရေးမှူးက ပြောသည်။

မိထ္ထီလာမြို့နယ် အပါအဝင် သာစည်၊ဝမ်းတွင်း၊ မလိုင်၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ရေနံချောင်း၊ ညောင်ရွှေ စသည့် အထက်မြန်မာနိုင်ငံမှ မြို့နယ်များ သာမကဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းမှ မြို့နယ်များလည်းပါဝင်ကြမည်ဟု ပြောဆိုခြင်း ဖြစ်သည်။

“Photo campaign ကို ဒီကနေ့အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ချလိုက်တယ်။ မနက်ဖြန် ၂-၆-၂၀၀၉ အင်္ဂါနေ့ကနေစပြီးပြုလုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို လူထုလက်ထဲကိုကျယ်ကျယ်ပြန့်ပြန့် အိမ်ပေါက်စေ့ ရောက်ရှိအောင် ပေးဝေသွားမယ်။လူပုဂ္ဂိုလ်တဦးချင်းက ဖြစ်စေ၊ မြို့နယ်အလိုက်ဖြစ်စေ ကျမဆီကနေဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို အခမဲ့ တောင်းယူနိုင်ပါတယ်”
 ဟုမိထ္ထီလာမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္စျိမကိုပြောသည်။

စဉ်ဆက်မပြတ် လုပ်ဆောင်သွားမည့် ယင်းလှုပ်ရှားမှုအကောင်အထည် ဖော်ရေးကို မိထ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် တောင်သာ(မြင်းခြံခရိုင်) ၄ မြို့နယ်မှ အန်အယ်ဒီ ကိုယ်စားလှယ်များ တက်ရောက်သည့်ယနေ့ မိထ္ထီလာခရိုင် စုံညီအစည်းအဝေးမှ ဆုံးဖြတ်ကြခြင်း ဖြစ်သည်။

ယခုလှုပ်ရှားမှုကိုလူထုပါဝင်နိုင်မည့် လမ်းကြောင်းအဖြစ် ရွေးချယ် ချမှတ်ခြင်းဖြစ်ပြီး၊ဒေါ်အောင်ဆန်းစုကြည်၏ ၃ လက္မ x ၄ လက္မ အရွယ် ရောင်စုံဓာတ်ပုံပေါင်းတသောင်းကို ကနဦး အနေဖြင့် ဖြန့်ဝေမည် ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ပန်းတိုင်သို့ ရောက်ရှိရေး လှုပ်ရှားမှုတွင် ပြည်သူများ အနေဖြင့်တတပ်တအား ပါဝင်မှုကို ပြသသည့်အနေဖြင့် ဓာတ်ပုံများကို လက်ခံရယူကြပြီးဧည့်ခန်း၊ ဓာတ်ပုံစာအုပ်၊ တယ်လီဖုန်း၊ အင်္ကျီအိပ်ကပ်များအတွင်းထားရှိခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအား ထောက်ခံကြောင်းပြသကြရန် ဒေါ်မြင့်မြင့်အေးက ဆော်သြလိုက်သည်။

“ကျမတို့က တရားဝင်ပါတီတခုရဲ့ မူဘောင်ထဲကနေပြီးတော့ ငြိမ်းချမ်းစွာနဲ့ ကျမတို့ရဲ့ ဆန္ဒကိုထုတ်ဖော်ဖို့ ဒီ campaign ကို စတင်လိုက်တာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်မြောက်စေလိုတဲ့ ပြည်သူတရပ်လုံးက ဒီ photo campaign မှာပါဝင်လာကြဖို့လိုတယ်။ ဓာတ်ပုံတွေကို ရယူကြပါ” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည်မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားအရေးများကိုဦးဆောင်ဖြေရှင်းပေးနိုင်သူ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှု အနှေးအမြန်ပေါ်မူတည်၍ မြန်မာနိုင်ငံ၏ ထွေထွေအကျပ်အတည်းမှလွတ်မြောက်မှုသည်လည်း အနှေးနှင့် အမြန် ဖြစ်နေမည်ဟုလည်း သူက ဆိုသည်။

“ကျမတို့ရဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူတရပ်လုံးကအားကိုးကြတယ်။ ဒီလိုပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အားကိုးတယ်။အဲဒီတော့ ကျမတို့နဲ့ ပြည်သူတရပ်လုံးက အားကိုးကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာအခုတော့ အင်းစိန်အကျဉ်းထောင်ထဲ ရောက်နေပြီ။ ဆိုတော့ ဒေါ်စုကိုအားကိုးခဲ့ကြတဲ့ ပြည်သူလူထုနဲ့ အဖွဲ့ချုပ်ကို ဒေါ်စုက ဘယ်လိုပြန်ပြီးအားကိုးလို့ရမလဲ” ဟု ဒေါ်မြင့်မြင့်အေးက မေးခွန်းထုတ်ထားသေးသည်။

ယနေ့ပြုလုပ်သည့် မိထ္ထီလာအစည်းအဝေးမှ ဆုံးဖြတ်ချက် ၆ ရပ်ကိုလည်း အများသဘောတူ ချမှတ်ခဲ့သည်။

ဆုံးဖြတ်ချက်အတွင်း၌အဖွဲ့ချုပ်မှ ထုတ်ပယ်ထားသော အဖွဲ့ဝင်များကို အဖွဲ့ချုပ်ဗဟိုက ပြန်လည်လက်ခံပေးရန်နှင့် နအဖက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ချခဲ့ပါကအဖွဲ့ချုပ်ဗဟိုအနေဖြင့် အဖွဲ့ဝင်များအပေါ် ပြတ်ပြတ်သားသား ဦးဆောင်မှုပေးရန်အန်အယ်ဒီ ဗဟိုသို့ တောင်းဆိုကြောင်း ပါဝင်သည်။

၂၀၊ ၅၊ ၂၀၀၉ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပဲခူးတိုင်းစည်းအဖွဲ့ဝင်ဦးမြတ်လှအား တာဝန်မှ ယာယီ တနှစ် ရပ်ဆိုင်းလိုက်ခြင်းသည် အနာဂတ် မြန်မာ့ဒီမိုကရေစီအရေး အတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်းလည်း ဆုံးဖြတ်သည်။

ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြံုရေးတာဝန် ယူထားသူများနှင့် အမေရိကန်နိုင်ငံသား မစ္စတာ ယက်တောအား ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးသူများကို နအဖကအရေးမယူဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုသာ တဖက်သတ် မတရား အရေးယူသည့်အပေါ်ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဒီပဲယင်း ‘လုပ်ကြံမှုကြီး’ ၆နှစ်ပြည့်သွားသော်လည်း တရားခံများကို ဖော်ထုတ်အရေး ယူနိုင်ခြင်းမရှိသေးသည်သာမက လုပ်ကြံမှု ကြိုးစားခြင်း ခံရသူ ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးတင်ဦးတို့ကို ဖမ်းဆီးထားခြင်းသည် မလျော်ကန်သောကြောင့် ခြွင်းချက်မရှိအမြန်ဆုံး ပြန်လွှတ်ပေးရန် နအဖ အား တောင်းဆိုထားသည်။

Most read this week