ကိုဖိုးဖြူ အယူခံ ပယ်ချခံရ

ကိုဖိုးဖြူ အယူခံ ပယ်ချခံရ
by -
ဖနိဒါ
လယ်အသိမ်းခံရသည်ကို ILO သို့ တိုင်ပေးသဖြင့် အဖမ်းခံရသူအတွက် အမှုလိုက်ပေးရာမှ သူပါ ထောင်ဒဏ် ကျခံနေရသည့် ရှေ့နေ ကိုဖိုးဖြူ၏ အယူခံကို  မကွေးခရိုင် တရားရုံးက ယမန်နေ့က ပယ်ချ ...

ချင်းမိုင် (မဇ္စျိမ)။     ။ လယ်အသိမ်းခံရသည်ကို ILO သို့ တိုင်ပေးသဖြင့် အဖမ်းခံရသူအတွက် အမှုလိုက်ပေးရာမှ သူပါ ထောင်ဒဏ် ကျခံနေရသည့် ရှေ့နေ ကိုဖိုးဖြူ၏ အယူခံကို  မကွေးခရိုင် တရားရုံးက ယမန်နေ့က ပယ်ချလိုက်သည်။

မကွေးမြို့နယ် ခရိုင်တရားရုံးက မတရား အသင်းအဖွဲ့ ပုဒ်မဖြင့် ထောင်ဒဏ် ၄ နှစ်ချခဲ့ရာ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် မကိုက်ညီဟုဆိုကာ သူ၏ ရှေ့နေများက အယူခံတင်သွင်းခဲ့ရာ ယမန်နေ့ ရုံးချိန်းတွင် ပယ်ချခံရခြင်း ဖြစ်သည်။    

“မနေ့က ကျနော်တို့ အယူခံကို အပယ်ခံရတယ်။ ခရိုင်တရားသူကြီးက ပယ်တာခင်ဗျာ။ အောက်ရုံးအမိန့်အတိုင်း ၄ နှစ် အတည်ဖြစ်ပြီးတော့ အပယ်ခံရတယ်” ဟု အမှုအတွက် အယူခံဝင်ပေးသူ ရှေ့နေ ဦးမြင့်သွင်က မဇ္ဈိမကို ပြောသည်။    

အယူခံအတွက် မန္တလေးမြို့မှ ဦးမြင့်သွင်နှင့် ရှေ့နေ ဦးရွှေလှက ဆောင်ရွက်ရာ ခရိုင်တရားရုံးက ပယ်ချသဖြင့် မကွေးတိုင်းတရားရုံးသို့ လာမည့် ဇွန်လ ၈ ရက်နေ့တွင် ဆက်လက် အယူခံသွားဦးမည်ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ကိုဖိုးဖြူသည် အမှုလိုက်ရင်း မကွေးမှ ရန်ကုန်သို့ ပြန်အလာ လမ်းခုလတ်၌ ရဲသတင်းတပ်ဖွဲ့က ရှာဖွေစစ်ဆေးစဉ် သူ၏ နေ့စဉ်မှတ်တမ်းတွင် လူငယ်ဥပဒေ အကျိုးဆောင်အဖွဲ့ ဖွဲ့ရန်အတွက် အချက်အလက်များ တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့သည်။    

မကွေးမြို့နယ်ရှိ ကျေးရွာအချို့မှ လယ်ဧက ၅ဝဝဝ ခန့်ကို ဒေသတွင်း ပင်မ စစ်လက်နက်တပ်က သိမ်းယူရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် - ILO ထံ ဦးဆောင်တိုင်ကြားသူ ကိုဇော်ဌေးအား အာဏာပိုင်များက နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲသည့်အမှုတွင် ကိုဖိုးဖြူက အကျိုးဆောင်စဉ် အဖမ်းခံရသည်။

ကိုဖိုးဖြူအား ပုဒ်မ ၃ (ဂ) အရ အသင်းအဖွဲ့ကို မှတ်ပုံမတင်ဘဲ ဖွဲ့စည်းမှု၊ ၅ (ဂ) အရ အစိုးရ၏ ယန္တရားကို ရပ်တန့်စေရန် ပြုလုပ်မှုဖြင့် စွဲချက်တင် ပြစ်ဒဏ်ချခဲ့သည်။

ကိုဇော်ဋ္ဌေးကို မကွေးခရိုင်တရားရုံးက ထောင်ဒဏ် ၁ဝ နှစ် ချခဲ့သလို၊ ကိုဖိုးဖြူကိုမူ မတ်လ ၁၇ ရက်နေ့တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၄ နှစ် ချခဲ့သည်။