နယူးဒေလီ (မဇ္ဈိမ)။ ။ ရိုဟင်ဂျာများအပေါ် စနစ်တကျ ချိုးဖောက် ကျူးလွန်နေမှုများကို ရပ်တန့်ပါရန် ဒေသတွင်း နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများက မြန်မာစစ်အစိုးရအပေါ် ဖိအားပေးသင့်ကြောင်းနှင့် မိမိတို့ ကမ်းခြေများသို့ ထွက်ပြေး ရောက်ရှိလာကြသော အဆိုပါ ဒုက္ခသည်များကိုလည်း လိုအပ်သော အကူအညီများ ပေးအပ်သင့်ကြောင်းဖြင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး HRW ၏ အစီရင်ခံစာသစ် တရပ်က ဆိုလိုက်သည်။
‘အန္တရာယ်များလှသော အတိဒုက္ခ – မြန်မာပြည်မှ ရိုဟင်ဂျာများ ပင်လယ်ပြင်သို့ ထွက်ကြခြင်း’ ဆိုသည့် စာမျက်နှာ ၁၂ မျက်နှာပါ အစီရင်ခံစာတွင် မြန်မာစစ်အစိုးရက မည်သို့မည်ပုံ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အများစု နေထိုင်ကြသည့် မူဆလင် လူနည်းစု ရိုဟင်ဂျာများကို စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်ပုံနှင့် သူတို့အိမ်များကို စွန့်ခွာ၍ အခြားနိုင်ငံများသို့ ထွက်ပြေးကြရပုံ၊ မကြာခဏ အသက်အန္တရာယ် များလှသည့် ခရီးကို ထွက်ခွာရပုံများကို HRW က ရေးသားထားသည်။
မြန်မာနိုင်င်ငံရှိ ရိုဟင်ဂျာများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်နေမှုများမှာ နှစ်ပေါင်း ၂ဝ ကျော်ခဲ့ပြီ ဖြစ်သော်လည်း လုံလောက်သော နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရခဲ့ဟု အစီရင်ခံစာက ဆိုသည်။
ဤသို့ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုနှင့် ညှဉ်းပန်း နှိပ်စက်ခြင်းများတွင် တရားဥပဒေပြင်ပမှ သတ်ဖြတ်ခြင်းများ၊ အဓမ္မ လုပ်အားပေးခိုင်းစေခြင်းများ၊ ဘာသာရေးအရ ခွဲခြားဆက်ဆံခြင်းများ၊ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်းများ ပါဝင်ပြီး အဆိုးဆုံးမှာ အလွန် ကြမ်းတမ်းပြင်းထန်သော နိုင်ငံသား ဥပဒေကြောင့် ရိုဟင်ဂျာများမှာ နိုင်ငံမဲ့များ ဖြစ်သွားရခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာများအပေါ် ဆက်ဆံပုံမှာ မနှစ်မြ့ုိဖွယ်ပင် ဖြစ်သည်။ မြန်မာအစိုးရသည် ရိုဟင်ဂျာများ၏ မူလအခွင့်အရေးကို ငြင်းပယ်ရုံသာမက မြန်မာနိုင်ငံသား ဖြစ်မှုကိုပင် ငြင်းပယ်နေသည်” ဟု HRW ၏ အာရှ ဒုညွှန်ကြားရေးမှူး အီလိန်းပီယာဆင် (Elaine Pearson) က ကြေညာချက် ထုတ်ပြန်ပြောဆိုသည်။
ဤပြဿနာအပေါ် ရှောင်လွှဲနေမည့်အစား အာဆီယံအဖွဲ့ကြီးသည် ဤရက်စက် ကြမ်းကြုတ်လှသော လုပ်ရပ်များကို ရပ်တန့်ရန် မြန်မာစစ်အစိုးရကို ဖိအားပေးသင့်သည်ဟု ပီယာဆင်က ဆိုသည်။
ယခု လန်ဒန်တွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာ အသိုင်းအဝိုင်း ခေါင်းဆောင်တဦး၏ အဆိုအရ ရိုဟင်ဂျာများမှာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို ပိတ်ပင်တားဆီးခြင်း ခံနေရပြီး၊ အထက်တန်း ပညာများကိုလည်း သင်ယူခွင့်မရှိဟု ဆိုသည်။
“ကျနော်တို့မှာ လက်ထပ်ဖို့တောင် အာဏာပိုင်တွေဆီက ခွင့်တောင်းနေရပါတယ်” ဟု အဆိုပါ ရိုဟင်ဂျာလူကြီးက မဇ္ဈိမကို အစောပိုင်း တွေ့ဆုံမေးမြန်းခန်း တခုတွင် ပြောဆိုခဲ့သည်။
ဤသို့ မြန်မာနိုင်ငံတွင်း မနှစ်မြို့ဖွယ် အခြေအနေများကြောင့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများသည် မိမိတို့ နေအိမ်များကို စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နှင့် အခြား အာရှနိုင်ငံများသို့ ထွက်ပြေးလာကြရပြီး ထိုနေရာများတွင်လည်း သူတို့ကို ရန်လိုသော အခြေအနေများက စောင့်ကြိုနေပါသည်။
အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံများသည် ဤပြဿနာကို ထိထိရောက်ရောက် မကိုင်တွယ်ခဲ့ဘဲ၊ “သူတို့၏ တုံ့ပြန်ဆောင်ရွက်မှုမှာ တပြေးညီလည်း မရှိ၊ ပြောင်းပြန်ရလဒ်ကိုပင် ရရှိစေခဲ့သည်” ဟု ဘန်ကောက်မြို့ရှိ HRW ရုံး မြန်မာနိုင်ငံ အတိုင်ပင်ခံ David Scott Mathieson က ပြောသည်။
“သူတို့ (အာဆီယံ) က နအဖရဲ့ ရိုဟင်ဂျာတွေအပေါ် ကိုင်တွယ်ပုံကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဖို့ လိုတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ တောင်းဆိုရမယ်။ အဖွဲ့ကြီးအတွင်းမှာ ဒီလိုပြဿနာကို ကိုင်တွယ်ဖို့ ယန္တရားတရပ် ရှိထားသင့်တယ်” ဟု Mathieson က မြန်မာစစ်အစိုးရ၏ တရားဝင်အမည်ဖြစ်သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ရည်ညွှန်းပြောဆိုသွားခဲ့သည်။
အန်ဒမန်ပင်လယ်ထဲတွင် ရက်သတ္တပတ်ပေါင်းများစွာ မျောနေခဲ့ပြီးနောက် ရာပေါင်းများစွာသော ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များကို ၂ဝဝ၈ ခုနှစ်နှောင်းပိုင်းနှင့် ၂ဝဝ၉ ခုနှစ် နှစ်ဆန်းတွင် ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံ ကမ်းခြေများမှ ကယ်ဆယ်ခဲ့ရသည်။
ယင်းတို့ထဲမှ အသက်မသေ ကျန်ရစ်ခဲ့သူအချို့က သူတို့ကို ထိုင်းအာဏာပိုင်များက ပထမဆုံး ဖမ်းဆီးပြီးနောက် ပင်လယ်ထဲသို့ အစားအစာ မပါဘဲသော်၎င်း၊ အနည်းအကျဉ်းမျှဖြင့်သော်၎င်း စက်မပါသော လှေများဖြင့် ပင်လယ်ထဲသို့ အတင်းပြန်ပို့ခဲ့သည်ဟူသော ပြောကြားချက်များ ပေါ်ထွက်လာခဲ့ပြီးနောက် ဤပြဿနာသည် အလွန်စိတ်ဝင်စားဖွယ် အကြောင်းအရာတရပ် ဖြစ်လာခဲ့သည်။ ဤပြောကြားချက်ကို ထိုင်းနိုင်ငံက ငြင်းဆိုခဲ့သည်။
ဤပြဿနာကို သက်ဆိုင်ရာ ပါဝင်ပတ်သက်နေသော နိုင်ငံများမှ အရာရှိများ ဆွေးနွေးခဲ့ကြသည်။ ဤဆွေးနွေးပွဲတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ရိုဟင်ဂျာ လူမျိုးဆိုသည်မှာ မိမိတို့နိုင်ငံ၏ လူမျိုး ၁၃၅ မျိုး စာရင်းတွင် မပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံတွင် မွေးဖွားကြောင်း သက်သေပြနိုင်သူများကိုသာ အစိုးရအနေဖြင့် ပြန်လည် လက်ခံမည်ဟု အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများကို ပြောကြားခဲ့သည်။
“အရှေ့တောင်အာရှ နိုင်ငံများသို့ ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များ ရောက်ရှိလာခြင်းသည် မြန်မာအစိုးရ၏ ညှဉ်းပန်းနှိပ်စက်မှုမှ ပေါ်ထွက်လာသည့် တိုက်ရိုက် အကျိုးဆက်သာ ဖြစ်သည်” ဟု မက်သီဆန်က ပြောသည်။
ဤအကြောင်းအရာမှာ ခဏပန်းမျှ ထင်ရှားခဲ့ပြီး ဤပြဿဿနာကို ဘာလီကွန်ဖရင့်တွင် ဖြေရှင်းကိုင်တွယ်ရန်အတွက် ဒေသတွင်း နိုင်ငံများ သဘောတူညီခဲ့ကြသော်လည်း လွန်ခဲ့သော တလက ဤကွန်ဖရင့် ကျင်းပပြီးကတည်းက ဘာမှ အကောင်အထည် မပေါ်ခဲ့ပါ။
“ဒီအကြောင်းကို ဒီနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ အတော်လေး အာရုံစိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘာမှ အဖြေမထွက်တာကတော့ လက်ခံနိုင်စရာ မရှိပါဘူး” ဟု မက်သီဆန်က ပြောကြားခဲ့သည်။
နေရပ်ရင်းတွင် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်ခံရသည့်အတွက် သူတို့၏ အိုးအိမ်များကို စွန့်ခွာထွက်ပြေးလာကြသော ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များကို အကူအညီ ပေးကြပါရန် ဒေသတွင်းနိုင်ငံများကို ဤအစီရင်ခံစာက တောင်းဆိုထားပြီး၊ ဤညှဉ်းပန်းနှိပ်စက်မှု အားလုံးကို ရပ်တန့်ပါရန်လည်း မြန်မာစစ်အစိုးရကို တောင်းဆိုထားသည်။