ချင်းမိုင် (မဇ္စျိမ)။ ။ နာဂစ်မုန်တိုင်းသင့်ဒေသမှ ကလေးများ၏ ပညာရေး ရန်ပုံငွေအတွက် ရည်ရွယ်ကာ သီးလေးသီး ဆေးရောင်စုံအငြိမ့် ဖျော်ဖြေပွဲတခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လာမည့်လ ရ နေ့၌ ကျင်းပသွားမည်ဖြစ်သည်။
နာဂစ်ဖြစ်ပေါ်စကပင် အကူအညီများ ပေးနေသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေး ဖောင်ဒေးရှင်းနှင့် ထိုင်း-မြန်မာ လေဘေးကူညီရေး ကော်မတီက ကမကထပြု ကျင်းပမည်ဖြစ်ပြီး သီးလေးသီး အငြိမ့်သာမက မွန်၊ ကရင်၊ ကချင်၊ ရှမ်းနှင့် ပအို့ဝ် ရိုးရာအကများနှင့်လည်း ဖျော်ဖြေမည်ဟု သိရခြင်း ဖြစ်သည်။
“အဲဒီမှာ အစိုးရကျောင်းတွေက လက်လှမ်းမမီတဲ့ ကျောင်းတွေ အများကြီးပဲ။ ရေလမ်းကိုပဲ အဓိက ဦးစားပေးရတော့ သွားရေး လာရေး ခက်ခဲတာကိုး။ အဲဒီမှာ ဒေသဆိုင်ရာ သံဃာတော်တွေက ဦးစီးပြီးတော့ ဖွင့်ထားတဲ့ ကျောင်းတွေ အများကြီးရှိတယ်။ အဲဒီထဲက တချို့ကျောင်းတွေကို မြေစမ်းခရမ်းပျိုးပဲဖြစ်ဖြစ် စပြီးကူညီမယ်လို့ပေါ့နော်” ဟု ထိုင်း-မြန်မာ လေဘေးကူညီရေး ကော်မတီမှ ဦးဆောင်အဖွဲ့ဝင် ကိုသက်ခိုင်က မဇ္စျိမကို ပြောသည်။
ယင်း ကလေးများနှင့် ကျောင်းဆရာ/ဆရာမများအတွက် ဧပြီအကုန်၊ မေလဆန်းမှ စ၍ ကူညီနေခြင်းဖြစ်ပြီး စဉ်ဆက်မပြတ် ကူညီနိုင်ရန် ယခုရန်ပုံငွေရှာပွဲကို ပထမအကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
နာဂစ်မုန်တိုင်းလွန်ကာလ တနှစ်ပြည့်သွားပြီဖြစ်သော်လည်း ဒေသခံများမှာ ဒုက္ခများ ဆက်လက်ကြံုနေရကြောင်းကိုလည်း ဖော်ထုတ်အသိပေးလိုသဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သီးလေးသီးအဖွဲ့က ပြောသည်။
“နာဂစ်ပြည့်တာ တနှစ်ပြည့်ပြီ။ ကျန်ခဲ့တဲ့ ပြည်သူတွေက ဆင်းရဲဒုက္ခနဲ့ ကြံုနေရတယ်။ ဒါပေမယ့် အဲဒီ ဒုက္ခတွေကို လူတွေက ဆက်မခံစားပေးနိုင်တော့ဘူး။ မခံစားကြတော့ဘူး။ အဲဒါလေးတွေကို ပြန်လည်သတိရပြီးတော့ ဒီလူတွေကတော့ဖြင့် ဒုက္ခ ရောက်နေကြသေးတယ်။ ဆက်လက်ကူညီကြပါ။ ဆက်လက် ကြည့်ရှု စောင့်ရှောက်ကြပါဦး ဆိုပြီးတော့ ရည်ရွယ်ချက်လေးနဲ့ ဒီဟာကို လုပ်ရခြင်းဖြစ်ပါတယ်” ဟု အဖွဲ့ခေါင်းဆောင် ဂေါ်ဇီလာက မဇ္စျိမကို ပြောသည်။
နာဂစ်တိုက်ခတ်ပြီး မကြာမီ ရောက်ရှိလာသည့် နိုင်ငံတကာ အကူအညီများကို နအဖ စစ်အစိုးရက တားဆီးကန့်သတ်ခဲ့သည်။
ထို့အပြင် နာမည်ကျော် အနုပညာရှင် ဇာဂနာအပါအဝင် နာဂစ်ဘေးသင့်သူများကို ကူညီလှူဒါန်းကြသူ၊ နာဂစ်ကြောင့် သေဆုံးရသူများ၏ ရုပ်အလောင်းများကို မီးသင်္ဂြိုလ်ပေးသူများကို မြန်မာစစ်အစိုးရက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည်။
စစ်အစိုးရသည် တိုင်းပြည်ကို ဖျက်ဆီးနေသူများဖြစ်ပြီး တိုင်းပြည်အကျိုးလုပ်သူ မည်သူကိုမဆို ရန်သူဟု သတ်မှတ်ချေမှုန်း မည်သာဖြစ်ကြောင်း ဂေါ်ဇီလာက ပြောသည်။
“ဒီအစိုးရက တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာမှာ ပြည်သူတွေ အင်အားချိနဲ့ပြီးတော့ ငတ်နေမှ သူတို့က အကြာကြီး အုပ်စိုးလို့ ရမှာလေ။ အဲဒီတော့ သူတို့က တိုင်းပြည်ကလူတွေ ဒုက္ခမရောက်ရောက်အောင်၊ ဆင်းရဲငတ်ပြတ်အောင် အမြဲတမ်း ဒုက္ခပေးနေမှာပဲ။ အဲဒီတော့ တိုင်းပြည်အကျိုးကို လုပ်တဲ့ လူတွေမှန်သမျှလည်း သူတို့ရဲ့ ရန်သူလို့ပဲ သူတို့က သတ်မှတ်တယ်” ဟု သူက ပြောသည်။
ဖော်ဖြေပွဲအား ဘန်ကောက်မြို့၊ ရပ်ချထေဝီ (Ratchathewei BTS station) မိုးပျံရထားဘူတာရုံအနီးရှိ Bangkok Christian church ခန်းမ ၆ ထပ်၊ ခရစ်ယာန် ကျောင်းသားများ ဆုံရပ် (Students Christian Center) ၌ ပြုလုပ်မည်ဖြစ်သည်။
လက်မှတ်များကို ယခုလ ၂၄ ရက်နေ့တွင် စတင်ရောင်းချနိုင်ရန် စီစဉ်နေပြီး ရိုးရိုးတန်း ဘတ် ၂၅ဝ၊ အထူး တန်း ဘတ် ၄ဝဝ သတ်မှတ်ထားသည်။ ပွဲစဉ်ကို မနက်ပိုင်းနှင့် မွန်းလွဲပိုင်း နှစ်ကြိမ်ပြုလုပ်မည်ဖြစ်ပြီး တကြိမ်အတွက် လက်မှတ် စောင်ရေ ၆ဝဝ သတ်မှတ်ထားကြောင်း သိရသည်။
ထိုင်း-မြန်မာလေဘေးကူညီရေးကော်မတီအား ယမန်နှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ထိုင်းနိုင်ငံသား၊ မြန်မာ အလုပ်သမား၊ ကျောင်းသားများဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ငွေသား ဘတ် ၆ သိန်းခန့် အပါအဝင်၊ ဘတ် ၁ဝ သန်းကျော် တန်ဖိုးရှိသည့် တာရှည်ခံအစားအသောက်၊ အဝတ်အစား၊ ဆေးဝါးတို့ကို နာဂစ်ဘေးသင့်သူများအတွက် ပို့ဆောင်လှူဒါန်းပြီး ဖြစ်သည်။