တရားခွင်အတွင်း သံတမန်နှင့် စာနယ်ဇင်းကို ဝင်ရောက်ခွင့် မပေးပြန်

တရားခွင်အတွင်း သံတမန်နှင့် စာနယ်ဇင်းကို ဝင်ရောက်ခွင့် မပေးပြန်
by -
နန်းဒေဝီ
ဒေါ်အောင်ဆန်းစုကြည်နှင့် တရားလိုပြ သက်သေများကို အင်းစိန်ထောင်အတွင်း ၄ ရက်မြောက် ရုံးထုတ်စစ်ဆေးသည့် ယနေ့ တရားခွင်သို့ သံတမန်များနှင့် စာနယ်ဇင်းသမားများကို ဝင်ခွင့် မပြုခဲ့ကြောင်း သိရ ...

နယူးဒေလီ (မဇ္စျိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်နှင့် တရားလိုပြ သက်သေများကို အင်းစိန်ထောင်အတွင်း ၄ ရက်မြောက် ရုံးထုတ်စစ်ဆေးသည့် ယနေ့ တရားခွင်သို့ သံတမန်များနှင့် စာနယ်ဇင်းသမားများကို ဝင်ခွင့် မပြုခဲ့ကြောင်း သိရသည်။    

၃ ရက်မြောက် ယမန်နေ့က သံတမန် ၃ဝ ဦး၊ နိုင်ငံခြား သတင်းဌာနများမှ မြန်မာသတင်းထောက် ၅ ဦးနှင့် ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်များမှ သတင်းထောက် ၅ ဦးကို ဝင်ရောက်သတင်းယူခွင့် ပေးခဲ့သော်လည်း ယနေ့တွင် ဝင်ခွင့် မပြုတော့ပြန်ခြင်း ဖြစ်သည်။    

“သူတို့ဖိတ်မှ သွားရမှာလေ။ ဒီနေ့ ဘာဖြစ်လို့ မခေါ်လဲတော့ မသိဘူး။ သံရုံးဝန်ထမ်းတွေကို ခွင့်ပြုတဲ့နေ့မှ သွားရမှာလေ” ဟု ယမန်နေ့က တရားရုံးသို့ ဝင်ခွင့်ရခဲ့သည့် ပေါ်ပြူလာဂျာနယ်မှ အယ်ဒီတာ ဦးဟိန်းလတ်က မဇ္စျိမကို ပြောသည်။    

သူ့လိုပင် ဝင်ခွင့်ရခဲ့သည့် ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာနတခုမှ မြန်မာသတင်းထောက်ကလည်း “ကျနော် သွားတယ်။ အထဲ မဝင်ရဘူး။ ဒါပေမဲ့ အပြင်မှာ နည်းနည်း လျှောက်ကြည့်ပြီးတော့ အန်အယ်ဒီ ကိုပဲ ပြန်လာခဲ့တယ်” ဟု ပြောသည်။   

ဒေါ်စုအမှုကို အများပြည်သူ ရှေ့မှောက်တွင် ကြားနာပါရန် သူမ၏ ရှေ့နေများက ရုံးတော်သို့ တနင်္လာနေ့က တောင်းဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။   

သို့သော် ၂ ရက်အကြာ ယမန်နေ့က သံတမန်နှင့် စာနယ်ဇင်းသမားများကို ဝင်ခွင့်ပြုခဲ့သည်။ သို့သော်လည်း သတင်း အထောက်အကူပြု ပစ္စည်း ကင်မရာနှင့် အသံဖမ်းစက်များကိုမူ ယူဆောင်ခွင့် မပြုခဲ့ပေ။    

ယနေ့တွင် တိတ်တဆိတ် အမှုစစ်ဆေးခြင်းကို အကျဉ်းထောင်အတွင်း ပြန်လည်ကျင့်သုံးခဲ့ကာ၊ ရုံးချိန်းကို မနက်ဖြန် ၁ဝ နာရီတွင် ထပ်မံချိန်းဆိုခဲ့သည်။

Most read this week