နယူးဒေလီ။ ။ အကျဉ်းထောင်အတွင်း တရားစွဲဆိုခံနေရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရသည်။
ယနေ့ ရုံးထုတ်ရာတွင် တွေ့ဆုံခွင့်ရခဲ့သူ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ယခုလို ပြောဆိုခြင်း ဖြစ်သည်။
''ကျနော်တို့ အမြင်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ သူ ကျန်းမာရေး ကောင်းတယ်ဆိုတာကို မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေကို ပြောပြပေးဖို့ မှာပါတယ်။ အန်တီ ဒေါ်ခင်ခင်ဝင်းရဲ့ ကျန်းမာရေးက ကောင်းပါတယ်။ ဒေါ်ခင်ဝင်းက ဒုတ်ကောက်နဲ့ ရုံးထုတ်ကို လာပါတယ်။ အသေးစိတ်ကိုတော့ ကျနော်လည်း မမေးဖြစ်ခဲ့ပါဘူး။ အချိန်က သိပ်မရလို့ပါ'' ဟု သူက မဇ္စျိမကို ပြောသည်။
အမှုတွင် လိုက်ပါဆောင်ရွက်မည့် ရှေ့နေများနှင့် ဒေါ်စုအကြား စကားပြောဆိုရာတွင် အနီးအနား၌ စောင့်ကြည့်သူနှစ်ဦး ထားရှိကြောင်းနှင့် တရားခွင်အတွင်း အစောင့်အကြပ်မှာ ၁ဝ ဦးခန့် ရှိကြောင်း သိရသည်။
တရားရုံးမှအပြန် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အန်အယ်ဒီ ရုံးချုပ်သို့ ဝင်ရောက်ရာတွင် အသင့်စောင့်ဆိုင်းနေသည့် သတင်းထောက်များက မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
''အဓိကကတော့ တရားစွဲဆိုတာတွေဟာ လွဲမှားနေတယ်။ ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိဘူး။ အဲဒါတွေကို မေးခွန်းတွေ မေးကြတယ်။ သူတို့ဘက်က တရားလိုပြ သက်သေက ဒေါ်အောင်ဆန်းစုကြည်က ကန့်သတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တယ်လို့ မူတည်ပြီးတော့ သူတို့ တရားစွဲတာပါ။ အဲဒီလို စည်းကမ်း ဖောက်ဖျက်တယ်ဆိုတာ မရှိဘူး ဆိုပြီးတော့ မေးမြန်းကြတာပါ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။
တရားလိုအဖြစ် တိုင်ချက်ဖွင့်သူ ဒုတိယ ရဲမှူးကြီး ဇော်မင်းအောင်သည် ယနေ့ တရားရုံးသို့ လာရောက် အစစ်ခံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက အများပြည်သူ တက်ရောက ်နားထောင်နိုင်သည့် တရားခွင်မျိုး စီစဉ်ပေးရန်အတွက် ရုံးတော်သို့ လျှောက်ထားရာ ပယ်ချခံခဲ့ရသည်။
''ကျနော်တို့ တရားရုံးကို စာတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို အများပြည်သူ ကြားနာနိုင်အောင် လူသိရှင်ကြား တရားခွင်အဖြစ် စီစဉ်ပေးပါ၊ ဒီနေ့ ရုံးမှာ အများပြည်သူ မပါဘူး၊ အများပြည်သူလည်း နားထောင်နိုင်အောင် လုပ်ပါ၊ လုံခြံုရေး ယူထားတဲ့ အတွင်းက အများပြည်သူ ကြားနိုင်အောင် ဆောင်ရွက်ပေးပါလို့ လျှောက်ထားတာကို ပယ်ချပါတယ်'' ဟု သူက ပြောဆိုသည်။