ချင်းမိုင် (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်အတွင်း တံခါးပိတ် ရုံးထုတ်နေခြင်းသည် မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင် လွတ်လပ်မှု မရှိသည်ကို ပြသရာရောက်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ယနေ့ ပြောဆိုသည်။
မြန်မာနိုင်ငံမှ တရားရုံးများသည် ဒေါ်အောင်ဆန်းစုကြည်အမှု တခုတည်းသာမဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသား ထောင်နှင့်ချီသော အမှုများကိုလည်း အကျဉ်းချုံး စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မျှတသည့် တရားစီရင်မှုများ မဖြစ်နိုင်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP (B) က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာက ဥပဒေစိုးမိုးရေး မရှိဘူး။ နောက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်က လွတ်လပ်မှုမရှိဘူးဆိုတာကို သက်သေပြပါတယ်။ ကျန်တဲ့ ကိုမင်းကိုနိုင်တို့ ကိုဇာဂနာတို့ အစရှိသဖြင့် ထောင်ပေါင်းများစွာသော လူတွေကို တရားစွဲ တင်တဲ့အခါမှာလည်း သူတို့က တခါးပိတ် အကျဉ်းချုံးစီရင်တာမျိုးပဲ ပေးပါတယ်။ သူတို့ လွတ်လပ်တဲ့၊ မျှတတဲ့ တရားစီရင်မှု မရဘူးလို့ပဲ ကျနော်တို့ ယုံကြည်ပါတယ်” ဟု AAPP (B) တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က မဇ္စျိမကို ပြောသည်။
AAPP (B) နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု Forum for Democracy in Burma (FDB) က ကမကထပြုကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးရည်ရွယ်၍ ကမ္ဘာတဝန်းမှ လက်မှတ်များ ကောက်ခံခဲ့ရာ ယခုအခါ လက်မှတ် ၃ သိန်းခွဲခန့် ရရှိနေပြီဖြစ်သည်။
လက်မှတ်ပေါင်း ၈၈၈၈၈၈ ရရှိရန် ရည်ရွယ်ခဲ့ပြီး၊ ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့မှ ယခုလ ၂၄ ရက်နေ့အထိ ကောက်ခံရက် သတ်မှတ်ခဲ့သည်။
လူကိုယ်တိုင်နှင့် အင်တာနက်မှ ကောက်ခံ စုဆောင်းလာခဲ့ပြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးရုံးနှင့် ညှိနှိုင်းမှုများ စတင်နေပြီဟု ဦးဘိုကြည်က ပြောသည်။
“မေ ၂၄ အထိ ရသေးတယ်။ ၂၅ မှာ ပိတ်ကြောင်းနဲ့ လက်မှတ် ဘယ်လောက်ရပြီဆိုတာ ကြေညာပေးမယ်။ အခုကတည်းကနေ စပြီး ကျနော်တို့ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးနဲ့ ကျနော်တို့ စကားပြောနေတယ်။ ညှိနေတာတွေ ရှိတယ်။ သူတို့နဲ့ ကျနော်တို့နဲ့ တွေ့ဖို့ပေါ့။ ကောက်ခံရထားတဲ့ signature တွေကိုပေးဖို့။ နောက် နိုင်ငံတကာမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ ဘန်ကီမွန်းကိုယ်တိုင်နဲ့ တွေ့ပြီး အထူးသဖြင့်တော့ ထောင်ထဲက လူတွေရဲ့ အခြေအနေတွေ တင်ပြနိုင်ဖို့ပေါ့နော်” ဟု သူက ပြောသည်။
လက်မှတ် စုဆောင်းမှုကို နိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်စေလိုသော အဖွဲ့ပေါင်း ၂ဝဝ ခန့်က အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ ဥရောပနိုင်ငံများတွင် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ယင်းသို့ လက်မှတ်ထိုးရာတွင် ဂျပန်၊ ဗြိတိန်၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့မှ လွှတ်တော်အမတ်များ၊ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်အချို့အပြင် နိုင်ငံကျော် အနုပညာရှင်များလည်း လက်မှတ်ထိုးကြကြောင်း သိရသည်။