“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အကျယ်ချုပ်မှ အင်းစိန်ထောင်သွင်းသို့ ယနေ့ ပြောင်းရွှေ့ကာ ချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အစိုးရက ယနေ့ စွဲတင်လိုက်သည့် အမှုကို မကျူးလွန်ကြောင်း သူ၏ ရှေ့နေမှတဆင့် ပြောကြားလိုက် ...

ချင်းမိုင် (မဇ္ဈိမ)။     ။ အကျယ်ချုပ်မှ အင်းစိန်ထောင်သွင်းသို့ ယနေ့ ပြောင်းရွှေ့ကာ ချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အစိုးရက ယနေ့ စွဲတင်လိုက်သည့် အမှုကို မကျူးလွန်ကြောင်း သူ၏ ရှေ့နေမှတဆင့် ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် တရားရုံးသို့ ရုံးထုတ်ရာတွင် ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ပြောဆိုခဲ့ကြောင်း ရှေ့နေ ဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “မကျူးလွန်ဘူး ဆိုတာကိုလည်း သူက ဘလိုင်းပြောတာ မဟုတ်ဘူး။ သူက သူ့ကိုစွဲတဲ့ ပုဒ်မကို သိတယ်။ ဖတ်ပြီးပြီ” ဟု ပြောသည်။   

ဒေါ်အောင်ဆန်းစုကြည်၊ သူနှင့်အတူနေထိုင်ကာ ကူညီစောင့်ရှောက်ပေးနေသည့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနှင့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို ယနေ့တွင် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်ခရိုင် တရားရုံးတွင် အတူတကွ ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။

ရှေ့နေဦးကြည်ဝင်း၏ လက်ထောက်ရှေ့နေနှင့် ယနေ့ တရားရုံးသို့ ဝင်ရောက်ခွင့် ရရှိခဲ့သူ ရှေ့နေ ဦးလှမျိုးမြင့်က “အမှုနံပါတ် ၄၇/၂ဝဝ၉ ။ သူတို့ ၄ ယောက် တပြိုင်ထဲ ရုံးထုတ်တယ်” ဟု မဇ္စျိမကို ပြောသည်။

ယနေ့နံနက်ပိုင်းတွင် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှ အင်းစိန်ထောင်သို့ လုံခြံုရေးအစောင့်အကြပ်များဖြင့် ခေါ်သွားခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးအတွက် တားဆီး ကန့်သတ်ထားသည့် အမိန့်ကို ချိုးဖောက်ခြင်း၊ မလိုက်နာခြင်းတို့ဖြင့် တရားစွဲထားသည်။   

ယင်း ဥပဒေ ပြဌာန်းချက်အရ ထောင်ဒဏ်အားဖြင့် အနည်းဆုံး ၃ နှစ်မှ ၅ နှစ်ထိ ကျခံနိုင်ပြီး၊ ငွေဒဏ် ၅ဝဝဝ ကျပ်၊ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုစလုံးလည်း ချမှတ်နိုင်သည်။

ပါတီပြောခွင့်ရပုဂ္ဂိုလ်နှင့် ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ဟို .. ရေကူးတဲ့ လူက သူ့ဘာသာ သူလာတာ။ လူသားချင်း စာနာထောက်ထားမှုနဲ့ ခဏ နေရာပေးတယ်ဆိုတာပဲ ရှိတာ။ ဒီဟာက သူတို့ စည်းကမ်းချက်မှာ ဒါနဲ့ ပတ်သက်ပြီး ဘာမှ မပါဘူးလေ။ ဒါကို စည်းကမ်း ချမှတ်ထားတာမှ မရှိဘဲနဲ့ ဘယ်လိုလုပ် ဖောက်ဖျက်ရမှာလဲ။ အဲဒါကြောင့် ပြစ်မှု မကျူးလွန်ဘူးလို့ ပြောတာပါ” ဟု ပြောဆိုသည်။

နေအိမ်တွင် ထိန်းသိမ်းကြောင်း တားဆီးမိန့်ချစဉ်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သံရုံးများ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးပါတီများနှင့်ဆက်နွယ်သူများနှင့် မဆက်သွယ်ရန်၊ နေအိမ်မှ ပြင်ပသို့ ထွက်ခွာခွင့် လုံးဝ မပြုရန်နှင့် အခြားသို့ စာဖြင့်သော်လည်းကောင်း၊ စကားပြော ကြေးနန်းဖြင့်သော်လည်းကောင်း ဆက်သွယ်ခြင်း မပြုရန် ကန့်သတ်ပိတ်ပင်ထားသည်။

ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ ဒေါ်ဝင်းမမ ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူကို ကူညီမှု - ပုဒ်မ ၂၂/၁ဝ၉ ဖြင့် တရားစွဲသည်။

နေအိမ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည့် အမေရိကန် နိုင်ငံသား ဂျွန် ဝီလီယံ ယက်တော အား နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူကို ကူညီမှု ပုဒ်မ ၂၂/၁ဝ၉၊ ကန့်သတ်နယ်မြေကို ဝင်ရောက်မှုဖြင့် ရန်ကုန် မြူနီစပယ် အက်ဥပဒေ ပုဒ်မ ၂၈ ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁) ၊ အမှုနံပါတ် ၄၉/၂ဝဝ၉) ဖြင့် တရားစွဲလိုက်သည်။

မြူနီစပယ်ဥပဒေမှာ အင်္ဂလိပ်ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး၊ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ကန့်သတ်နေရာများသို့ ဝင်ရောက်ပါက အရေးယူနိုင်သည့် ဥပဒေ ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူတဦးက မစ္စတာယက်တော ရုံးထုတ်ရာ အင်းစိန်ထောင်သို့  စကားပြန်နှင့် လာရောက်ခဲ့သည်။

ယနေ့ တရားရုံးတွင် တရားသူကြီး ဦးသောင်းညွန့်၊ အကြံပေး တရားသူကြီးအဖြစ် ဦးညီညီစိုး၊ ခရိုင် ဥပဒေအကြံပေး အရာရှိက ဦးမြင့်ကြိုင်တို့ တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံး ရမန်ဖြင့် ယခုအခါ အင်းစိန်ထောင်ထဲတွင် ဆက်လက်ထိန်းသိမ်းထားကာ၊ ယခုလ ၁၈ ရက်နေ့တွင် တရားရုံးထုတ်မည်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ အမှုအတွက် ရှေ့နေ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဦးလှမျိုးမြင့်က လိုက်ပါဆောင်ရွက်သွားမည်။