ထိန်းသိမ်းခံ အမေရိကန် လူမျိုးအတွက် အကျိုးဆောင် လိုက်ပါခွင့်ရရေး သံရုံးမှ ကြိုးစားနေ

ထိန်းသိမ်းခံ အမေရိကန် လူမျိုးအတွက် အကျိုးဆောင် လိုက်ပါခွင့်ရရေး သံရုံးမှ ကြိုးစားနေ
by -
မုံပီး
ရန်ကုန်မြို့ အင်စိန်ထောင် တရားရုံးတွင် အမှု ရင်ဆိုင်နေရသော ထိန်းသိမ်းခံ အမေရိကန်လူမျိုး John William Yettaw အတွက် အကျိုးဆောင် ငှါးရမ်း ကာကွယ်ခွင့်ရရန် မိမိတို့သံရုံးမှ ကောင်စစ် တွေ့ဆုံမှုရရှိရေး ဆက်လက် ကြိုးစားသွားမည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ပြော ...

နယူးဒေလီ။     ။ ရန်ကုန်မြို့ အင်စိန်ထောင် တရားရုံးတွင် အမှု ရင်ဆိုင်နေရသော ထိန်းသိမ်းခံ အမေရိကန်လူမျိုး John William Yettaw အတွက် အကျိုးဆောင် ငှါးရမ်း ကာကွယ်ခွင့်ရရန် မိမိတို့သံရုံးမှ ကောင်စစ် တွေ့ဆုံမှုရရှိရေး ဆက်လက် ကြိုးစားသွားမည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ပြောသည်။

ကောင်စစ်အရာရှိ မစ္စတာ ကောလင်းပီဖတ်စ်တ် (Colin P. Furst) သည် အင်းစိန် အကျဉ်းထောင် တရားရုံးတွင် အမှုရင်ဆိုင် နေရသော မစ္စတာ ယက်တော နှင့် ကြာသပတေးနေ့က ဒုတိယအကြိမ် တွေ့ဆုံခွင့်ရခဲ့သည်ဟု ရန်ကုန်ရှိ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ်မေး (Richard Mei) က ပြောသည်။

ကျနော်တို့ကတော့ ကောင်စစ်တွေ့ဆုံမှုရဘို့ ဆက်လုပ်သွားမယ်။ သူ့ဥပဒေ အကျိုးဆောင် ငှါးရမ်း ကာကွယ်ခွင့်ရရေး အတွက် သေချာအောင် လုပ်သွားမယ် ဟု မေးက မဇ္ဈိမကို ပြောသည်။

မစ္စတာ ယက်တောနှင့်အတူ နိုဘယ်  ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ သူမ၏ ပါတီဝင်များဖြစ်ပြီး သူမကို ပြုစု စောင့်ရှောက်နေသူ ဒေါ်ခင်ခင်ဝင်းနှင့် သူမ၏ သမီးတို့ကို အင်းစိန်ထောင်အတွင်း အထူးတရားရုံး၌ ကြာသပတေးနေ့ မနက်က ရုံးထုတ်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အခြား ပါတီဝင် အများအပြားမှာ အကျဉ်းထောင်တွင်းသို့ ဝင်ခွင့်မရကြဘဲ သူမ၏ရှေ့နေ ဦးကြည်ဝင်းနှင့် သူ၏ လက်ထောက်တို့ ၂ ဦးကိုသာ ဝင်ရောက်ခွင့်ပြုခဲ့သည်။

တရားရုံးတွင် ရန်ကုန်အနောက်ပိုင်းခရိုင် တရားသူကြီးများဖြစ်ကြသော ဦးသောင်းညွန့်နှင့် ဦးညီညီစိုးတို့ ရုံးထိုင်ပြီး ဒေါ် အောင်ဆန်းစုကြည်ကို သူမအား ထိန်းသိမ်းထားသည့် ဥပဒေပါ ပြဌာန်းချက်များကို ချိုးဖောက်မှု အဆိုပါဥပဒေ၏ ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုခဲ့သည်။

အမှုကို ခဏတာ ကြားနာစစ်ဆေးပြီးနောက် ရပ်နားထားလိုက်ကာ နောက်တကြိမ်ကြားနာရန် မေလ ၁၈ ရက် တနင်္လာနေ့ သို့ ချိန်းဆိုလိုက်သည်။

သူမ၏ အမှုတွင် လိုက်ပါဆောင်ရွက်နေသော ဦးကြည်ဝင်းနှင့် သူ၏ လက်ထောက်တို့အပြင် ယခုအမှုတွင် လိုက်ပါဆောင်ရွက်ရန် အတွက် နောက်ထပ် ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးအောင်သိန်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့ကို NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ငှါးရမ်းခဲ့ကြောင်း NLD သတင်းရပ်ကွက်များက ပြောသည်။

အဆိုပါ ၄ ဦးကို အင်းစိန် အကျဉ်းထောင်ရှိ အထူးတိုက်သို့ ခေါ်ဆောင်သွားပြီး ဒေါ်အောင်ဆန်းစုကြည်၏ သမားတော်ကြီး ဖြစ်ပြီး အင်္ဂါနေ့က ဖမ်းဆီးခံခဲ့ရသူ ဒေါက်တာတင်မျိုးဝင်းကိုမူ ယနေ့ ကြာသပတေးနေ့ အမှုစစ်ဆေးရာတွင် မတွေ့ရှိရဘဲ ယင်းကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရပါ။

မြန်မာအစိုးရ၏ အာဘော် မြန်မာ့အလင်း သတင်းစာကမူ မစ္စတာ ယက်တောသည် အင်းယားကန်ကို ဖြတ်ကူးကာ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ထဲ ဝင်ရောက်၍ ၃ ရက်ကြာ နေထိုင်ခဲ့သည်ဟု ရေးသား ဖော်ပြထားသည်။

စစ်အစိုးရပိုင် သတင်းစာ၏ ရေးသားချက်များအပေါ် အမျိုးမျိုး ခန့်မှန်း ဝေဘန်ပြောဆိုနေကြချိန်တွင် မစ္စတာ ယက်တောသည် မြန်မာ့ဒီမိုကရေစီ၏ ပြယုဂ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အင်းယားကန်နံဘေး နေအိမ် ခြံဝင်းအတွင်း ဝင်ရောက်ခဲ့သည်ဟု ဗုဒ္ဓဟူးနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့သည်။

ခပ်တိုတို ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားရာ၌ မြန်မာ အာဏာပိုင်များသည် ဂျွန် ယက်တောနှင့် ကောင်စစ် တွေ့ဆုံခွင့်ပြုခဲ့ကြောင်း၊ ထိန်းသိမ်းခံ အမေရိကန်လူမျိုးသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ ညနေက အတည်ပြုပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ မစ်ဇူရီပြည်နယ် ဖဲလ်ကွန် ဒဲလ်တာလမ်းရှိ မစ္စတာ ယက်တော၏ နေအိမ်သို့ ကြိမ်ဖန်များစွာ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

Most read this week