ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အမေရိကန် နိုင်ငံခြားသားတဦး ဝင်ရောက်မှု သတင်းနှင့်အတူ သူ၏ ဓာတ်ပုံကို ဖော်ပြခွင့် ရရေးအတွက် ပြည်တွင်းရှိ သတင်းတိုက်များ စောင့်ဆိုင်းနေသည်။
John William Yeattaw ဆိုသူသည် ရန်ကုန် အင်းယားကန်ဘေးရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ယခုလ ၃ ရက်နေ့ ညပိုင်းက ရေကူး၍ တိတ်တဆိတ် ဝင်ရောက်ခဲ့ကြောင်း ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ အချက်အလက်များကိုသာ ဖော်ပြပြီး၊ ကျူးကျော်သူ၏ ဓာတ်ပုံကိုပါ စာပေစိစစ်ရေးသို့ တင်ထားကာ ထည့်သွင်းခွင့် ရ၊ မရ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
“ကျနော်တို့က ဓာတ်ပုံတော့ တင်ထားတယ်။ မပြောတတ်သေးဘူး။ သတင်းစာအတိုင်းဆို ရပါတယ်။ ဓာတ်ပုံ တင်လို့ ရ၊ မရတော့ ပြောလို့ မရသေးဘူး။ ရ၊ မရတော့ အဲဒီနေ့မှာ သိရမယ်။ မသေချာဘူး” ဟု ရန်ကုန်ရှိ အပတ်စဉ် သတင်းဂျာနယ်တိုက် တခုမှ အမည်မဖော်လိုသူ အယ်ဒီတာတဦးက ပြောသည်။
ကျူးကျော်ဝင်ရောက်ခဲ့သူသည် ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းရှိ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၏ နေအိမ်အတွင်း ၂ ရက်ကြာ နေထိုင်ခဲ့ပြီးနောက်၊ မေလ ၅ ရက်နေ့ ညနေတွင် ပြန်ထွက်လာခဲ့ပြီး၊ ၆ ရက်နေ့တွင် အင်းယားကန်အတွင်း ရေကူးနေစဉ် အဖမ်းခံခဲ့ရသည်ဟု မြန်မာ့အလင်းက ဆိုသည်။
သတင်းကို အပတ်စဉ်ထုတ် ဂျာနယ်များက ဖော်ပြရေးသားချင်သော်လည်း စာပေစိစစ်ရေး၏ ခွင့်ပြုချက် မရမည်ကို စိုးရိမ်သည့် ဂျာနယ်တချို့က ကိုယ့်အသိနှင့်ကိုယ် (Self Censorship) လုပ်ခဲ့သည်များလည်း ရှိသည်။
“မလွတ်ဘူးဆိုပြီးတော့ ကိုယ့်အသိနဲ့ကိုယ် ဖြုတ်ထားတယ်။ ဒါတွေက သိခွင့်ပဲရတာ။ ဘယ်လိုလုပ် ရေးမလဲ။ မလွတ်မှန်း သိသိကြီးနဲ့ရေးရင် ကိုယ်တွေကိုပဲ တင်းမှာ။ နောက်ပိုင်း သတင်းတွေကို ပိုဖြုတ်တာတို့၊ မျက်နှာသာ မပေးတာတို့ လုပ်လာလိမ့်မယ်။ မလွတ်မှန်းသိရင် မရေးတာဘဲ ကောင်းတယ်” ဟု အပတ်စဉ်ထုတ် ဂျာနယ်မှ သတင်းထောက်တဦးက ပြောသည်။
မြန်မာ့အလင်းတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း ဝင်ရောက်ခဲ့သူတွင် မြန်မာငွေ တထောင်တန် စက္ကူ ၉ဝ ကျော်၊ အမေရိကန်ဒေါ်လာ တချို့၊ ကင်မရာတလုံး၊ ခေါက်ပလာယာနှင့် ဓာတ်မီးတလက် တွေ့ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအကြောင်း တစုံတရာ ရေးသားဖော်ပြထားခြင်း မရှိခဲ့ပေ။
ကျန်းမာရေး စောင့်ရှောက်ရန်အတွက် လတလ၏ ပထမ ကြာသပတေးနေ့တွင် သွားရောက်ခွင့် ရရှိသည့် မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းကို အာဏာပိုင်များက တွေ့ဆုံခွင့် မပြုသည့်အပြင် ဖမ်းဆီးခဲ့သည်။
နောက်တရက် သောကြာနေ့ (၈ ရက်နေ့) တွင် ဒေါက်တာတင်မျိုးဝင်း၏ လက်ထောက် ဆရာဝန် ဒေါ်ပြံုးမိုအိက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စစ်ဆေးခွင့် ရရှိခဲ့ရာ ရေဓာတ်ခမ်းခြောက်ခြင်း၊ သွေးတိုးခြင်းနှင့် အစာမစားနိုင်ခြင်းများ တွေ့ရှိခဲ့ရသဖြင့် အားဆေးသွင်းပေးခဲ့ရသည်။
နောက်တရက် စနေနေ့တွင် ထပ်မံစစ်ဆေးရန် အာဏာပိုင်များထံ တောင်းခံခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။
ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် သက်တမ်းလွန် ချုပ်နှောင်ထားသည့်အပေါ် အန်အယ်ဒီက စစ်အစိုးရထံ ပြန်လည်သုံးသပ်ရန် မကြာသေးခင်က တောင်းဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။