ချင်းမိုင် (မဇ္စျိမ)။ ။ အလုပ်ရှင်နှင့် အလုပ်သမားများအကြား သဘောတူညီမှု လက်မှတ်ရေးပြီးနောက် လုပ်အားခ ၂ လစာ ရရှိရေး ဆန္ဒပြပွဲသည် ၆ နာရီခန့်အကြာတွင် ရပ်ဆိုင်းခဲ့ပြီ ဖြစ်သည်။
စက်ရုံပိုင်ရှင်၏ ဇနီးဖြစ်သူ နောင့်စောင် ထံနဖွန်ဆိုထနာဒေချာဖွန်က ပိုင်ရှင် ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ အလုပ်သမားအရေး ဆောင်ရွက်နေသည့် MAP Foundation အဖွဲ့မှ ထိုင်းရှေ့နေ ဖိနိန်၊ မဲဆောက်မြို့ရှိ အလုပ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး တာဝန်ခံ ခွန်စွန်ဖွန်နှင့် အလုပ်သမား ကိုယ်စားလှယ် ၉ ဦးအကြား ယခုလ ၂ဝ ရက်နေ့တွင် ငွေရှင်းပေးရန် သဘောတူ လက်မှတ်ထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
“ညှိလိုက်တဲ့အခါ အခုလ ၂၀ ရက်နေ့မှာ နောက်ဆုံးထားပြီး ပိုက်ဆံပေးပါ့မယ်လို့ လက်မှတ်ထိုး သဘောတူလိုက်တယ်။ အလုပ်သမားတွေဘက်ကလည်း ကျေနပ်တယ်။ ၂ လ လစာမရတဲ့အတွက် သူတို့အတွက်က ဘာမှ စားဖို့သောက်ဖို့ မရှိတဲ့အတွက် လောလောဆယ် ပိုက်ဆံ မထုတ်သေးသည်အထိ တနေ့ကို ထမင်း ၃ နပ်ကျွေးမယ်ပေါ့။ ဟင်း အပါအဝင်ပေါ့။ သောက်ရေ လုံလုံလောက်လောက် စီစဉ်ပေးမယ်ပေါ့” ဟု ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ဦးမိုးဆွေက မဇ္စျိမကို ပြောသည်။
လုပ်အားခ မရသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်သမားများက ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ထံ လာရောက်တိုင်ကြားရာ အလုပ်သမားရုံးနှင့် ညှိပေးရန် စီစဉ်ပေးခဲ့သည်။ သို့သော် အလုပ်သမားရုံးမှ အရာရှိနှင့် လုပ်ငန်းရှင် ဇနီးမောင်နှံက ရှောင်တိမ်းနေခဲ့သဖြင့် ယခုကဲ့သို့ အလုပ်သမားရုံး (ဆဝါဒီကန်) ရှေ့သို့ သွားရောက် ဆန္ဒပြရခြင်း ဖြစ်သည်။
အလုပ်ရှင်ဘက်က ရှောင်တိမ်းခဲ့သဖြင့် အလုပ်သမားများက ပြီးခဲ့သည့်လ ၂၈ ရက်နေ့ကတည်းက အလုပ်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းထားခဲ့ပြီး၊ လုပ်အားခ ပြန်ရမှသာ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်မည်ဟု အလုပ်သမားများက တောင်းဆိုခဲ့သည်။
အဆိုပါ TK လေးစက်ရုံသည် ယခင်ကလည်း မကြာခဏ လစာထုတ် နောက်ကျလေ့ရှိကြောင်းနှင့် ယခုတကြိမ်တွင် ပိုမိုဆိုးရွားလာပြီး လုပ်အားခ ၂ လစာ နောက်ကျသဖြင့် အလုပ်သမားများ၏ စားသောက်ရေးကိုပင် ထိခိုက်လာခဲ့သည်။
အလုပ်သမားများထဲတွင် အလုပ်သမားကြီးကြပ်သူ လူနည်းစုသာ တလလျှင် ဘတ်ငွေ ၄,၀၀၀ ခန့်ရပြီး၊ သာမန် အလုပ်သမား အများစုမှာမူ ၁,၈၀၀ ဘတ် ဝန်းကျင်သာ ရရှိသည်။ စက်ရုံက နေစရာ၊ ထမင်းနှင့် သောက်ရေသာ ပေးသဖြင့် အလုပ်သမား လက်မှတ်ကြေး၊ ဟင်းဖိုးနှင့် ဘာလီရကုန်ငွေများ နုတ်လိုက်လျှင် တလ ဘတ် ၁,၀၀၀ ကျန်ရန်ပင် မလွယ်ကူကြောင်း သိရသည်။
ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ လှုပ်ရှားမှုသက်တမ်း ၂၀၀၂-၂၀၀၉ ခုနှစ်အတွင်း အမှုပေါင်း ၁၃၈ မှုရှိသည့်အနက် ယခုကဲ့သို့ အလုပ်ရှင်ဘက်က လိုက်လျောပြီး “ပြေပြေလည်လည်” ဖြစ်သွားသည့် အမှုမျိုး အနည်းငယ်သာရှိပြီး နောက်ပိုင်းတွင် အလုပ်ရှင်က ပြန်လည်ဖိနှိပ်မှုများလည်း ရှိခဲ့ကြောင်း ဦးမိုးဆွေက ပြောသည်။
“နောက်ပိုင်းမှာ ပြဿနာပြန်ဖြစ်တာလည်း ရှိဖူးတယ်။ ပြေလည်တဲ့အမှုက အနည်းစုလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုံလုံးက အလုပ်သမားတွေ ညီညီညွတ်ညွတ်နဲ့ ဖြစ်တဲ့အခါကျတော့ သူဋ္ဌေးတွေက သူတို့အနေနဲ့ ဘာမှလုပ်လို့ မရတော့ဘူး ဆိုတာ သိသွားတယ်လေ။ လိုက်လျောပြီးတော့ နောက်ပိုင်းကျရင် အလုပ်သမားတွေပေါ် ပြန်ပြီး ဖိနှိပ်လာတာတွေ ရှိခဲ့တယ်” ဟု သူက ဆိုသည်။
ထို့အပြင် ယခင်က ယင်းကဲ့သို့ ဆန္ဒပြတောင်းဆိုလျှင် အလုပ်ရှင်များက ရဲအချို့နှင့် ပူးပေါင်း၍ ဆန္ဒပြခေါင်းဆောင်များကို ရိုက်နှက်ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း ယနေ့ ဆန္ဒပြအလုပ်သမားများအပေါ် တစုံတရာ နှောင့်ယှက်ဟန့်တားခြင်း မရှိခဲ့ပါ။
ပြည်တွင်း၌ စီးပွားရေး အဆင်မပြေသဖြင့် မြန်မာနိုင်ငံသား ဦးရေ သန်းနှင့်ချီရှိပြီး ထိုင်းနိုင်ငံနေရာအနှံ့သို့ ထွက်လာသည့်အနက် မဲဆောက်မြို့၌လည်း စျေးဆိုင်၊ စားသောက်ဆိုင်၊ အိမ်အကူ၊ အထည်ချုပ်စက်ရုံနှင့် သိုးမွှေးစက်ရုံတို့၌ ဝင်ရောက်လုပ်ကိုင်လျက် ရှိကြသည်။