ချင်းမိုင် (မဇ္စျိမ)။ ။ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားပိုင် ကားတစီးပေါ်မှ လက်နက်များအား မြန်မာနယ်စပ် အာဏာပိုင်များက ယနေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။
ထိုင်းနိုင်ငံ နယ်စပ်မြို့ မယ်ဆိုင်သို့ ကျောင်းသွားတက်သည့် မြန်မာကလေးများကို ပြန်ကြိုလာသည့် တိုယိုတာကား (နံပါတ် ၄၃၄၆၊ အဖြူရောင်) သည် နှစ်နိုင်ငံ တံတားထိပ် တာချီလိတ်သို့ ဝင်ရောက်လာစဉ် မသင်္ကာသဖြင့် ရှာဖွေရာမှ လက်နက် ၃ လက်နှင့် ကျည်ဆံများကို ဖမ်းဆီးရမိကြောင်း ဒေသခံများ အဆိုအရ သိရခြင်း ဖြစ်သည်။
“နေ့လယ် ၂ နာရီ ၁၅ မိနစ်မှာ အဖမ်းပြတယ်ပေါ့။ မူးယစ်နဲ့ ကာစတန်ဖမ်းတာ။ ထိုင်းကား ပေါင်မုံ့ကား။ မောင်းတဲ့ လူ နာမည်က ဆူရတ်ချိုင်း၊ အသက် ၃ဝ ကျော်လောက် ရှိမယ်။ တာချီလိတ်ကနေ ထိုင်းဘက်မှာ ကျောင်းသွားတက်တဲ့ ဗမာကလေးတွေကို အပို့အကြို လုပ်တဲ့ကား။ အမြဲတမ်း အဝင်အထွက် လုပ်နေတဲ့ ကား” ဟု အမည်မဖော်လိုသူ တာချီလိတ်မြို့ခံတဦးက မဇ္စျိမကို ပြောသည်။
လက်နက်များအား ကား၏ နောက်ခန်းတွင် အဝတ်ဖြင့် ဖုံး၍ သယ်လာခြင်း ဖြစ်သည်။
ဖမ်းဆီးမိသည့် လက်နက်များမှာ ပွိုင့် ၃၈ - ၁ လက်၊ အေကေ ၄၇ တလက် ၎င်းကျည်အချို့၊ ပွိုင့် ၂၂ တလက်၊ စနိုက်ဘာ မှန်ပြောင်းတလက်၊ ကျည်ကာအကျႌ တထည်၊ ပွိုင့် ၃၈ ကျည်အတောင့် ၃ဝဝ ၊ ပွိုင့် ၂၂ ကျည် ၅ဝ တောင့်၊ အေကေ ကျည်ဘောက်များလည်း ပါဝင်သည်ဟု မြို့ခံက ဆိုသည်။
အခြား မြို့ခံတဦးကလည်း ထိုင်းဘက်မှလာသော မြန်မာကလေး ကျောင်းကြိုပို့ ကားတစီးကို ရှာဖွေရာမှ လက်နက်များ ဖမ်းမိသည်မှာ မှန်ကန်သော်လည်း ညနေ ၄ နာရီကျော်တွင် ဖြစ်ကြောင်း ပြောသည်။
ကားမောင်းသူနှင့် ကားကို တာချီလိတ်မြို့နယ် ရဲစခန်းတွင် ယခုအခါ ချုပ်နှောင်၊ သိမ်းဆည်းထားကြောင်း သိရသည်။
ကားနှင့် ပါလာသော ကလေးများကိုမူ သက်ဆိုင်ရာ မိဘများက ပြန်လည် ခေါ်ဆောင်သွားပြီ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်ကလည်း အဆိုပါ တံတားအောက်မှ လက်နက်များ ရှာဖွေတွေ့ရှိမှု တခု ဖြစ်ပွားခဲ့သေးသည်။