ကလေးများက နာဂစ်သင့်သူများအတွက် ငွေလှူဒါန်း

ကလေးများက နာဂစ်သင့်သူများအတွက် ငွေလှူဒါန်း
by -
နန်းဒေဝီ
မလေးရှားရှိ မြန်မာဒုက္ခသည် ကလေးငယ်များက နာဂစ်တနှစ်ပြည့် အမှတ်တရ ရေးဆွဲထားသည့် ပန်းချီကားများနှင့် ပုံပြင် ၂ဝ ကျော်ကို စာအုပ်အဖြစ် ထုတ်ဝေရောင်းရငွေ မလေးရှားရင်းဂစ် ၂၅ဝဝဝ ကို ယမန်နေ့က လှူဒါန်းခဲ့ ...

နယူးဒေလီ (မဇ္စျိမဌာန)။     ။ မလေးရှားရှိ မြန်မာဒုက္ခသည် ကလေးငယ်များက နာဂစ်တနှစ်ပြည့် အမှတ်တရ ရေးဆွဲထားသည့် ပန်းချီကားများနှင့် ပုံပြင် ၂ဝ ကျော်ကို စာအုပ်အဖြစ် ထုတ်ဝေရောင်းရငွေ မလေးရှားရင်းဂစ် ၂၅ဝဝဝ ကို ယမန်နေ့က လှူဒါန်းခဲ့သည်။    

ကွာလမ်လာပူမြို့ စီတာပတ် (Setapak) အရပ်တွင် ကချင် တိုင်းရင်းသားများ ကိုယ်ထူကိုယ်ထ ဖွင့်ထားသည့် ကျောင်းမှ ကလေးငယ်များ ရေးဆွဲသည့် ရုပ်ပြပန်းချီများထဲမှ လက်ရွေးစင် ၂ဝ ကျော်ကို စာအုပ်ထုတ်ရောင်းရာမှ ရလာသည့်ငွေများကို မြန်မာပြည်တွင် မုန်တိုင်းဒဏ် ခံရသူများကို ကူညီနေသည့် မလေးရှားအခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်း world vision မှတဆင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

“နာဂစ် လေဘေးဒဏ် ခံနေရတဲ့ လူတွေကို ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲဆိုပြီး စဉ်းစားလာခဲ့ကြတာ။ တတ်နိုင်တဲ့ နည်းနဲ့ ကူညီရအောင်ဆိုပြီး လုပ်ခဲ့တာပါ။ သူတို့ ဆွဲထားတာက သစ်ပင်ပုံ၊ မုန်တိုင်းကျတဲ့ ပုံတွေနဲ့ သဘာဝ ရှုခင်းတွေ၊ ပြီးတော့ သူတို့ life style များကို ဆွဲထားတာပါ” ဟု ကချင်ဒုက္ခသည်ကော်မတီ - KRC ဥက္ကဋ္ဌ ကိုနော်ဆိုင်းက မဇ္စျိမကို ပြောသည်။    

‘My Beautiful Myanmar’ အမည်ရှိ အဆိုပါ စာအုပ်ကို ပြီးခဲ့သည့် အနှောင်းပိုင်းအတွင်း မြန်မာကလေးငယ်များ ရေးဆွဲထားသည့် ရုပ်ပြ၊ ပန်းချီများဖြစ်ပြီး မလေးရှားရှိ ငွေကြေးတတ်နိုင်သူများထံ လိုက်လံရောင်းချခဲ့သည်။   

စာအုပ်ပေါင်း ၂ဝဝဝ ကို KRC နှင့် ပုဂ္ဂလိက အလှူရှင်များ ပူးပေါင်းထုတ်ဝေခဲ့ကာ ယခုအခါ လက်ကျန်စာအုပ်ပင် မရှိတော့ကြောင်း သိရသည်။   

“တချို့က သတ်မှတ်ထားတဲ့ စာအုပ်ခထက် ပိုပေးကြတယ်။ World Vision ကို လှူသလို၊ ကျန်တဲ့ ပိုက်ဆံတွေကို ဒီက ကလေးတွေအတွက် ကလေးသုံး စာအုပ်တွေ၊ ခဲတန်တွေ ထပ်ဝယ်တယ်” ဟု ကိုနော်ဆိုင်းက ပြောသည်။    

၂ဝဝ၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ထိုဒုက္ခသည် ကလေးကျောင်းတွင် ယခုအခါ ကျေင်းသား ၁၆ဝ ကျော်ရှိပြီး အများစုမှာ ကချင် ကလေးငယ်များဖြစ်ကာ အချိန်ပြည့် ကျောင်းဆရာ၊ ဆရာမ ၁ဝ ဦးနှင့် အချိန်ပိုင်း သင်ကြားပို့ချပေးသည့် ဆရာ၊ ဆရာမ ၆ ဦး ရှိနေသည်။    

မိဘအများစုသည် အနီးအနားရှိ စားသောက်ဆိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသည်။    

ထိုကျောင်းတွင် American Home School သင်ရိုးညွှန်းတမ်းကို အခြေခံသင်ကြားပေးပြီး၊ ကချင်စာပေ၊ အင်္ဂလိပ်စာ၊ သိပ္ပံ၊ ပထဝီ၊ Music notes စသည့် ဘာသာရပ်များကို သင်ကြားပေးသည့်အပြင် ပန်းချီရေးဆွဲနည်းလည်း သင်ကြားပေးသည်။     

အလားတူ ဒုက္ခသည်ကလေးငယ် ကျောင်းများကို ကွာလာလမ်ပူမြို့ လူစည်ကားရာ ရပ်ကွက်များဖြစ်သည့် Imbi, Puchong, Lokju စသည့် ဒေသများတွင် ချင်းဒုက္ခသည်ကော်မတီ - CRC က ဦးဆောင်ကာ ဖွင့်လှစ်ထားသေးသည်။    

၂ဝဝ၃ ခုနှစ်နောက်ပိုင်း ဖွင့်လှစ်ခဲ့သည့် ကျောင်းများသည် ယခုအခါ ၁ဝ ကျောင်းကျော် ရှိနေပြီး၊ ကျောင်းသား၊ ကျောင်းသူ ၂ဝဝဝ ကျော် သင်ယူနေသည်။    

“မလေးရှား အစိုးရကျောင်းမှာ ပညာသင်ခွင့် မရှိလို့ အခုလို ကျနော်တို့ ကလေးတွေ စာနဲ့ အထိအတွေ့ မပြတ်သွားအောင်နဲ့ တတိယနိုင်ငံ မရောက်ခင် ဒီမှာ လိုအပ်တဲ့ မိခင်စာပေတွေကို သင်ပေးနေတာပါ” ဟု ကျောင်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို CRC အဖွဲ့ ဥက္ကဋ္ဌ ကိုဒွေဟဲ (Dawihre) က မဇ္စျိမကို ပြောသည်။    

ချင်းတိုင်းရင်းသား ဒုက္ခသည် ကလေးငယ်များကို ချင်းစာပေ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ မြန်မာစာ သင်ကြားပေးပြီး လိုအပ်သည့် သက်ထောက်ကူပစ္စည်းများကို မလေးရှားနိုင်ငံရှိ ခရစ်ယာန်အသင်းတော်များက ကူညီပံ့ပိုးနေခြင်း ဖြစ်သည်။    

မလေးရှားရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR တွင် မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသားပေါင်း ၄ သောင်းကျော် ရှိနေကြောင်း သိရသည်။

Most read this week