နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန် ၁ အတွင်းရှိ ပဲစက်ရုံတရုံ ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်က မီးလောင်ခဲ့သည်။
ပဲခူးလမ်းပေါ်ရှိ မေယု ပဲမျိုးစုံ သန့်စင်စက်ရုံတွင် တနာရီ နီးပါး မီးလောင်ခဲ့ခြင်း ဖြစ်သည်။
''စလောင်တာက ဂျင်နရေတာ မီးစက်ကနေ ပေါက်ကွဲပြီး စလောင်တယ်လို့ ကြားတယ်ဗျာ။ ဒါကတော့ အတိအကျ မသိသေးဘူးပေါ့နော်။ ဂက်စ်အိုးတွေက အထဲမှာ အလုံး ၃ဝ လောက် ရှိတယ်။ အခုအချိန်အထိ မီးသတ်က မဝင်ရဲသေးဘူး။ အဝေးကနေ ရေနဲ့ ပက်ရတာ။ စက်ရုံက အောက်ထပ်၊ အပေါ်ထပ်ကျ ပဲရွေးတာတို့၊ ပဲသန့်စင်တာတို့။ ဂျင်းအိတ်တွေလည်း ရှိတယ်။ …ဂိုဒေါင်တွေ၊ စက်ရုံတွေက တွဲရက်'' ဟု ဒေသခံဖြစ်သူ ကိုဝင်းဝင်းက မီးလောင်မှုဖြစ်ပွားနေစဉ် အစောပိုင်းက မဇ္ဈိမကို ပြောပြခဲ့သည်။
မီးလောင်နေစဉ် မီးသတ်ကား ၁ဝ စီးခန့်နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အာဏာပိုင်များ ရောက်လာခဲ့သည်။
တောင်ဒဂုံ မီးသတ် တာဝန်ကျ အရာထမ်းတဦးက ''ဘယ်လို အခြေအနေရှိလဲ ဆိုတာကို ကျမတို့ဆီကို သတင်း မပို့သေးပါဘူး။ ၁၁ း ၄၅ က စပြီး သတင်း ရတာတာပါ။ အခု ငြိမ်း၊ မငြိမ်းကိုတော့ ရှေ့တန်းက သတင်း မပို့သေးပါဘူး။ မီးသတင်း လက်ခံတဲ့ အဖွဲ့ကလည်း မီးသတ်ကားနဲ့ ပါသွားပါတယ်” ဟု ပြောသည်။
စက်ရုံဝန်ထမ်းတဦးနှင့် မီးသတ် ဝန်ထမ်းတဦး အရေးပေါ် ဆေးရုံတင်လိုက်ရကြောင်း ဒေသခံများက ပြောကြားကြသော်လည်း အတည်ပြု၍ မရနိုင်သေးပါ။