ဝက်သားဟင်းရောင်းလို့ အရိုက်ခံရ

ဝက်သားဟင်းရောင်းလို့ အရိုက်ခံရ
by -
မြင့်မောင်
ပဲခူးမြို့ ဥဿာမြို့သစ် ပင်စည်ယာယီစျေးအတွင်း လိုင်စင်မဲ့ ဝက်သား ဖမ်းဆီးရာ ဝက်သားဟင်းရောင်းသူ အမျိုးသမီးကို စစ်အရာရှိ၊ စျေးစည်ပင်နှင့် ဝက်သားလိုင်စင် ယူထားသူများက ယခုလ ၅ ရက်နေ့တွင် ရိုက်နှက်မှု ဖြစ်ပွားခဲ့ ...

နယူးဒေလီ (မဇ္စျိမ) ။     ။ ပဲခူးမြို့ ဥဿာမြို့သစ် ပင်စည်ယာယီစျေးအတွင်း လိုင်စင်မဲ့ ဝက်သား ဖမ်းဆီးရာ ဝက်သားဟင်းရောင်းသူ အမျိုးသမီးကို စစ်အရာရှိ၊ စျေးစည်ပင်နှင့် ဝက်သားလိုင်စင် ယူထားသူများက ယခုလ ၅ ရက်နေ့တွင် ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။   

ပဲခူးအခြေစိုက် တပ်မ ရ၇ မှ စစ်ရေး ဦးစီးအရာရှိ ဗိုလ်ကြီးမျိုးမြင့်အောင် (အရပ်ခေါ် ဂျီသရီး) ၏ ကားနံပါတ် ဇ/၉၅၃၆ (စစ်ရောင် - Double Cup) ဖြင့် ဝက်သားလိုင်စင် ယူထားသူ ဦးတင်သိန်း၏ အလုပ်သမား ရ ဦးခန့်သည် ညနေပိုင်းတွင် စျေးသို့လာပြီး စျေးစည်ပင်ဝန်ထမ်းနှင့်အတူ ဟင်းဆိုင်ကို ဖျက်သလို၊ ဆိုင်ရှင် မစန်စန်းလှကိုပါ ရိုက်နှက် ထိုးကြိတ်ခဲ့သည်။   

“စည်ပင်သာယာက ဦးသန်းဝင်း ကျမကို ဆံပင်တွေ ဆောင့်ဆွဲတယ်။ ကားပေါ် အတင်း မ တင်တယ်။ လက်သီးနဲ့ ထိုးတယ်။ ပါးတွေနားတွေ ရိုက်တယ်။ ပေတရာပေါ်မှာ ပြုတ်ကျတယ်။ ကျမ အဲဒီအချိန်မှာ  သတိလစ်သွားတယ်” ဟု မစန်းစန်းလှက ပြောသည်။

ပဲခူးမြို့မှ ရှေ့နေ ဦးအေးမြင့်က “လာဖမ်းတဲ့ ဗိုလ်ကြီး မျိုးမြင့်အောင်နဲ့ စည်ပင်သာယာက စည်းကမ်း ထိန်းသိမ်းရေး ကိုသန်းဝင်း မူးနေတယ်။ ဘာမှ တာဝန်မရှိသူတွေက နင် လိုက်ခဲ့၊ ဖမ်းတယ်ဆိုပြီး ပြောတယ်။ ရှင်တို့ မူးရူးနေတာ ကျမ မလိုက်နိုင်ဘူး ပြောတော့ မစန်းစန်းလှကို ရိုက်နှက်တာ” ဟု ပြောသည်။

ဆိုင်ကိုဖျက်ရာတွင် ဗိုလ်ကြီးလည်း ပါဝင် ဖျက်ဆီးခဲ့ကြောင်းနှင့် လိုင်စင်မဲ့ ဝက်သား ဖမ်းရာ ဝက်သားအစိမ်းသာ ဖမ်းခွင့်ရှိပြီး၊ ချက်ထားသည်ကို ဖမ်းမရကြောင်း သူက ဆိုသည်။   

ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ - ရယက ရုံးရှေ့တွင် အခင်းဖြစ်ပွားရာ၊ ရယက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ လာကြည့်ခဲ့ကြသည်။    

ဒေသခံတဦးက “ချက်ထားတဲ့ ဝက်သားအိုးကိုလည်း ကန်မှောက်ပစ်တယ်။ လူတွေက မခံနိုင်ဘူး။ ကောင်မလေးကို ပါးရိုက်၊ အင်္ကျီဆောင့်ဆွဲလုပ်တော့ ဒဏ်ရာတွေ ရလာတယ်။ လူတွေက မခံချင်တော့ ဝိုင်းလုပ်မယ်ဆိုတော့ စစ်ကား ဖြစ်နေတယ်” ဟု ပြောသည်။

ထို့နောက် အမှတ် ရ ရယက ရုံးနှင့် အမှတ် ၃ ရဲစခန်းသို့ မစန်းစန်းလှက သွားတိုင်ခဲ့သည်။

ပဲခူးမြို့ အမှတ် ၃  ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ် စန်းညွန့်က “အမှုဖွင့်ထားပါတယ်။ ဝက်လိုင်စင် ယူထားသူ (ဦးတင်သိန်း) ရဲ့ လူ ကိုသန့်စင်က ဒေါ်စန်းစန်းလှကို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ စွဲထားတယ်။ ဒေါ်စန်းစန်းလှကတော့ သူကို ဆံပင်ဆွဲတယ်၊ ပါးရိုက်တယ်၊ ပစ္စည်းတွေ ရိုက်ချိုးသွားတယ်၊ ကာယိန္ဒြေပျက်အောင် လုပ်တယ်ဆိုပြီး တိုင်ထားတယ်။ နှစ်ဖက်စလုံးက အပြန်အလှန် အမှုဖွင့်ထားတယ်” ဟု ပြောသည်။

မစန်းစန်းလှသည် ရဲစခန်းမှ ပေးလိုက်သည့် ဆေးစာဖြင့် ပဲခူး ပြည်သူ့ဆေးရုံသို့ သွားရောက် ဆေးကုခဲ့သည်။   

သူက ထိုနေ့ ရက်စွဲဖြင့်ပင် ပဲခူးတိုင်း အမျိုးသမီးရေးရာ အဖွဲ့သို့လည်း တိုင်ကြားခဲ့သည်။