နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့်သူ ၂၅ ယောက်က တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကွန်ယက်တခု ဖွဲ့စည်းလိုက်သည်။
“၂၀၁၀ ကို မုချ ဖြတ်ကိုဖြတ်ရတော့မယ်။ ပါတီအနေနဲ့ ဖြတ်မလား၊ တသီးပုဂ္ဂလ အနေနဲ့ ဖြတ်မလား၊ ပါတီစုံအနေနဲ့ ဖြတ်မလားဆိုတာ စဉ်းစားတဲ့အခါမှာ၊ Individual ဖြတ်မယ်ပေါ့။ အဲလို ဖြတ်မယ်ဆိုလည်း အားနည်းတယ်ဆိုတာ ကျနော်တို့ မြင်တယ်။ အဲဒါကို ဘယ်လို အားကောင်းအောင် ဘယ်လို လုပ်မလဲဆိုတာ တွေ့တယ်။ ကျနော် အဆိုပြုတယ်။ ဒါပေမဲ့ အားလုံး ၀င်ရောက် ဆွေးနွေးတယ်” ဟု ကွန်ယက်ဖြစ်ပေါ်လာရေး အဆိုပြူသူနှင့် ကွန်ယက်ဝင်ဖြစ်သူ ဘိုကလေးမြို့သား ကိုနေမျိုးဝေက ပြောသည်။
သူသည် မြန်မာ အတိုက်အခံများ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများအား ဝေဖန်စာများ ရေးသားကာ မကြာခဏ ဆိုသလို အင်တာနက် စာမျက်နှာထက် ပေးပို့နေသူ ဖြစ်သည်။
ကွန်ယက်ဝင်များ အနေဖြင့် စစ်အစိုးရ၏ မူဝါဒလမ်းစဉ် ရ ရပ်နှင့် ၂၀၀၈ မေလ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံသူများ ဖြစ်သည်။
လွှတ်တော်တခုခုတွင် တသီးပုဂ္ဂလအဖြစ် အရွေးချယ်ခံမည့်သူများ၊ ရွေးကောက်ပွဲဝင်ရေး နှိုးဆော်မည့်သူများနှင့် ထိုသူများကို တနည်းနည်းဖြင့် ကူညီပေးလိုသူများ ပါ၀င်နိုင်ကြောင်း မဇ္စျိမက လက်ခံရရှိသည့် ထိုကွန်ယက်၏ ထုတ်ပြန်ချက် စာစောင်တွင် ပါရှိသည်။
အဓိက အတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရကြီးကြပ်ကာ စိတ်ကြိုက်ရေးဆွဲခဲ့သော အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန် တောင်းဆိုထားပြီး ရွေးကောက်ပွဲကို ထဲ့သွင်းစဉ်းစားရန် မလိုဟု ထုတ်ဖော် ပြောဆိုထားသည်။
ပြန်လည်ပြင်ဆင်ခြင်းမရှိလျှင် စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်အောင် လုပ်ပေးလိုက်ခြင်းဖြစ်ပြီး တိုင်းပြည်ကို ပိုဒုက္ခရောက်စေနိုင်သည်ဟု အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောဆိုထားသည်။
သို့သော် ရွေးကောက်ပွဲတွင် နိုင်ငံရေး အရည်အချင်းပြည့်ဝသူများ ၀င်ရောက်ယှဉ်ပြိုင်သင့်ပြီး လူထုက ရွေးချယ်တတ်အောင် လုပ်ဆောင်သင့်သည်ဟု တတိယ အင်အားစုများဟုလည်း သိကြသူ တသီးပုဂ္ဂလများက ပြောသည်။
“၂၀၁၀ မှာ ကျနော်တို့ မဟုတ်လည်း လွှတ်တော် ကိုယ်စားလှယ်တွေ ပေါ်လာမှာပဲ။ အဲဒီလူတွေ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်နဲ့ အရည်အသွေးမီမယ့် သူတွေ၊ တိုင်းပြည်ကို ဘယ်လောက် ဖွံ့ဖြိုးအောင်လုပ်မယ့် သူတွေ၊ ဘယ်လောက် အတွေးခေါ်ရှိတယ်၊ မရှိဘူးဆိုတာကို စောစောစီးစီး လူထုက ကန့်ကွက်ချင်လည်း ရတယ်၊ ထောက်ခံချင်လည်း ရတယ်။ အချိန်မီ လူထုက ရွေးချယ်နိုင်ဖို့ စောစောစီးစီး ဖော်ထုတ်တာပါ” ဟု ကိုနေမျိုးဝေက ပြောသည်။
ကွန်ယက်ဝင်များက သူတို့၏ ရည်ရွယ်ချက်၊ လူထုထံ တင်ပြပြလိုသည်များကို မီဒီယာများမှတဆင့် လွတ်လပ်စွာ ပြောဆိုသွားမည်ဟု မင်္ဂလာဒုံမြို့နယ် သို့မဟုတ် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။
သူက “ကျနော်တို့က pluralism ဗဟုဝါဒကို ကိုင်ဆွဲပါတယ်။ ကျနော်တို့နဲ့ သဘောထား တိုက်ဆိုင်သည်ဖြစ်စေ၊ မတိုက်ဆိုင်သည်ဖြစ်စေ ကျနော်တို့ ဘယ်လို အတူတကွ စုစည်းမလဲဆိုတာကို ကိုင်ဆွဲပါတယ်” ဟု ပြောသည်။
“ကျနော်တို့အနေနဲ့ public politic ကို ရှောင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေကိုယ်တိုင် နိုင်ငံရေးကနေ ထွက်သွားပြီဆိုတာ အရှိတရား ဖြစ်နေပါတယ်။ ဒါကြောင့် ကျနော်တို့ elite politics ကို စတင်ရွေးနေပါပြီ” ဟုလည်း သူက ဆိုသည်။