သံလျင်မှာ ရွေးကောက်ပွဲအတွက် ခြေလှမ်း

သံလျင်မှာ ရွေးကောက်ပွဲအတွက် ခြေလှမ်း
by -
သန်းထိုက်ဦး
နိုင်ငံရေးပါတီတခုအဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်း သံလျင်မြို့တွင် လိုက်လံ စည်းရုံးသူများ ပေါ်ထွက်လာသည်။ ယခုလ ၂၅ ရက်နေ့က အဖွဲ့ဦးဆောင်သူ ၁၀ ဦးခန့်က ပါတီသင်္ကေတ ကဒ်ပြားများကို မြို့ထဲတွင် လိုက်လံဝေငှကာ စည်းရုံးရေး ဆင်းနေခြင်း ဖြစ် ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ နိုင်ငံရေးပါတီတခုအဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်း သံလျင်မြို့တွင် လိုက်လံ စည်းရုံးသူများ ပေါ်ထွက်လာသည်။

ယခုလ ၂၅ ရက်နေ့က အဖွဲ့ဦးဆောင်သူ ၁၀ ဦးခန့်က ပါတီသင်္ကေတ ကဒ်ပြားများကို မြို့ထဲတွင် လိုက်လံဝေငှကာ စည်းရုံးရေး ဆင်းနေခြင်း ဖြစ်သည်။   

“ချမ်းမြေ့ လက်ဖက်ရည်ဆိုင် အပေါ်ထပ်မှာ သူတို့တွေ တွေ့တယ်။ တွေ့ပြီးတော့မှ သူတို့ဟာ (မြန်မာ) လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဆိုပြီးတော့ အဲဒီ အနီရောင်ကဒ်ပေါ်မှာ အဖြူရောင် ကြယ်တလုံး ရိုက်ထားတယ်။ ပါတီဝင် ကဒ်ပြား ပုံစံလိုမျိုး ထုတ်ပေးတယ်” ဟု သံလျင်ဒေသခံ ကိုသုခအောင်က မဇ္ဈိမကို ပြောသည်။    

ပါတီ အမည်ကိုမူ ကဒ်ပြားပေါ်တွင် ရေးထိုးထားခြင်း မရှိသော်လည်း နှုတ်မှ ထုတ်ဖော် ပြောကြားခဲ့ကြခြင်း ဖြစ်သည်ဟု သူက ထပ်ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလက တည်ထောင်ခဲ့ပြီး စစ်အစိုးရ၏ ဖျက်သိမ်းခြင်းခံရသော လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ အမည်နှင့် ဆင်တူရိုးမှားဖြစ်နေသည့် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သွားမည်ဟု စည်းရုံးသူတို့က ပြောဆိုခဲ့ကြသည်ဟု ဒေသခံများက ထုတ်ပြောကြသည်။

သို့သော်လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ မထွက်သေးသဖြင့် တရားဝင် ပါတီထောင်ရေးမှာ မဖြစ်နိုင်သေးဟု ရန်ကုန် နိုင်ငံရေး လှုပ်ရှားသူများက ပြောသည်။

အဖွဲ့ကို ဦးဆောင်နေသူဟုဆိုသော ဦးဇင်အောင်သည် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်ဖြစ်ခဲ့ဖူးပြီး ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) အဖွဲ့တွင်လည်း ယခင်က ပါ၀င်ခဲ့ဖူးသည်။