ထိုင်းနိုင်ငံ ကားတိမ်းမှောက်မှု၌ မြန်မာတဦး သေဆုံး

ထိုင်းနိုင်ငံ ကားတိမ်းမှောက်မှု၌ မြန်မာတဦး သေဆုံး
by -
သန်းထိုက်ဦး
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ဒိုင်နာ ကားတစီး ယခုလ ၂၀ ရက်နေ့က တိမ်းမှောက်ခဲ့ရာ အမျိုးသားတဦး သေဆုံးကာ၊ ၃၈ ဦး ဒဏ်ရာ ရရှိခဲ့ ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ဒိုင်နာ ကားတစီး ယခုလ ၂၀ ရက်နေ့က တိမ်းမှောက်ခဲ့ရာ အမျိုးသားတဦး သေဆုံးကာ၊ ၃၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။   

ချင်းမိုင်မြို့ လေယာဉ်ကွင်း အနောက်ဘက်ရှိ မီးပွိုင့် လမ်းဆုံတနေရာ၌ နံနက် ရ နာရီခွဲခန့်က ပန်းရံ သွားလုပ်ရန် ချင်းမိုင်မြို့ထဲအလာ ကားမှောက်ရာ၌ အိုက်လုံ (၃၀ နှစ်) ဆိုသူ ရှမ်းအမျိုးသား သေဆုံးကာ၊ ၃၈ ယောက် ဒဏ်ရာရသွားသည်။

"ကားက ဒီ လမ်းအလယ်က ခြားထားတဲ့ အုတ်ဘောင်ရှိတယ်။ အဲဒီပေါ်ကို ကားက တက်သွားပြီးတော့ ကားကို ရမ်းလိုက်သလို ဖြစ်သွားတယ်။ အဲဒီလို ရမ်းလိုက်တော့ လူတွေအားလုံး ပြုတ်ကျသွားပြီး သူ့ကားလည်း မှောက်သွားတာ" ဟု ရွှေ့ပြောင်းလုပ်သားများအရေး ကူညီဆောင်ရွက်နေသည့် ချင်းမိုင်အခြေစိုက် မက်ပ်အဖွဲ့မှ ရုံးဝန်ထမ်း Jo – Tong Dee က မဇ္ဈိမကို ပြောသည်။   

ဒဏ်ရာရသူများအနက် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတဦး အပါအဝင် ၄ ဦးသည် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး၊ ဆေးရုံများတွင် တက်ရောက် ကုသနေရသည်။  

မိန်းကလေးငယ်မှာ ကျောင်းပိတ်သည့် ကာလဖြစ်၍ မိဘများနှင့်အတူ လိုက်ပါသွားခြင်း ဖြစ်သည်။   

မြန်မာလုပ်သားများသည် တရားဝင် အလုပ်လက်မှတ် ရှိပြီး၊ အမှုနှင့်ပတ်သက်၍ အလုပ်ရှင် သူဋ္ဌေးက တာဝန်ယူပေးမည်ဟု သိရသည်။   

စီးနင်းခဲ့သည့် ကားမှာ အသက်အာမခံ ကုမ္ပဏီတွင် အာမခံကြေး ထားရှိပါက ထိုင်း ဥပဒေအရ ကားနှင့် ပတ်သက်၍ အသက်ဆုံးရှုံးခဲ့သူများအား တဦးလျှင် လျော်ကြေးအဖြစ် ဘတ်ငွေ ၁ သိန်း ခံစားခွင့် ရှိသလို၊ ဒဏ်ရာရရှိပြီး ဆေးရုံတက်ရသူများအား လျော်ကြေး ဘတ် တသောင်းခွဲ ခံစားခွင့် ရှိသည်။

ကားမောင်းသူအား ဖမ်းဆီးခြင်း မရှိကြောင်းနှင့် ကားကိုမူ ချင်းမိုင်ရဲစခန်းတွင် ထိန်းသိမ်းထားသည်။