နှင်းဆီ လှုပ်ရှားမှုလုပ်သူ ၃ ဦး အဖမ်းခံရ

နှင်းဆီ လှုပ်ရှားမှုလုပ်သူ ၃ ဦး အဖမ်းခံရ
by -
ကိုဝိုင်း
ပြည်သူများ အကြောက်တရားဖယ်ရှား တိုက်ပွဲဝင်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ်အတွင်း ''နှင်းဆီ'' လူထုလှုံ့ဆော်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သူ လူငယ် ၃ ဦး ယခုလ ၁၄ ရက်၊ ချစ်သူများနေ့က အဖမ်းခံခဲ့ရ ...

ချင်းမိုင် (မဇ္စျိမ)။     ။ ပြည်သူများ အကြောက်တရားဖယ်ရှား တိုက်ပွဲဝင်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ်အတွင်း ''နှင်းဆီ'' လူထုလှုံ့ဆော်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သူ လူငယ် ၃ ဦး ယခုလ ၁၄ ရက်၊ ချစ်သူများနေ့က အဖမ်းခံခဲ့ရသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရေးထားပြီး၊ အကြောက်တရား ဖယ်ရှား၍ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် နှိုးဆော်ထားသည့် "နှင်းဆီ" လှုံံ့ဆော်မှုမှ စာရွက်များအား ထိုနေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပရှိ အထက ၅ ၊ ၃ နှင့် ရဲစခန်းရှေ့ နံရံများတွင် လိုက်ကပ်ခဲ့သည့် အကောင်းဆုံးမြေသြဇာ အဖွဲ့ဝင် ၃ ဦးအား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  

"မနက် ၆ နာရီလောက်လည်းကျရော ကိုဖိုးတုတ် (စွမ်းအားရှင်အဖွဲ့ဝင်) က တိုင်လိုက်လို့ ရဲ ၂ ယောက်ရယ်၊ မီးသတ်ရယ်၊ စွမ်းအားရှင်ရယ်၊ ဖိုးတုတ်လည်း ပါတယ်၊ ရဝတ လည်း ပါတယ်။ ဒီ ၃ ယောက်ရဲ့အိမ်ပေါ်ကို အတင်းတက်လာပြီးတော့ ရှာတယ်။ ကင်မရာတလုံး မိသွားတယ်ပေါ့။ မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ စာရွက်တွေ မိသွားတယ်။ ပို့စ်ကဒ်လေးတွေလည်း ပါသွားတယ်" ဟု လျို့ဝှက် လှုပ်ရှားနေသော မြေသြဇာအဖွဲ့ တာဝန်ခံလူငယ်က မဇ္စျိမကို ပြောသည်။ အဖမ်းခံရသူများမှာ ကိုအောင်ထက်မင်း၊ ကိုစိုးမင်းထိုက်၊ ကိုကျော်ဇင်နိုင်တို့ ဖြစ်သည်ဟု ဆိုသည်။

အဖမ်းအဆီး ကိစ္စနှင့် ပတ်သက်၍ မြောက်ဥက္ကလာ ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ရဲစခန်း၌ မရှိကြောင်းနှင့်  စာကပ်သည်ကိုပင် မသိရှိကြောင်း တာဝန်ကျ ရဲဝန်ထမ်းတဦးက ဖြေကြားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ ၏ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်ကမူ မြေသြဇာအဖွဲ့ဝင် ၃ ဦး အဖမ်းခံရသည်ကို ကြားသိသော်လည်း အမည်များကို မသိသေးကြောင်း ပြောသည်။

ယခုလှုပ်ရှားမှုကို မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပြေလည်ပြီး ငြိမ်းချမ်းသော အနာဂတ်သစ် ပေါ်ထွန်းလာရန် ရည်ရွယ်၍ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave - GW)၊ အထက်ဗမာပြည် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) ၊ အကောင်းဆုံး မြေသြဇာအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

ယခုအဖွဲ့များသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလက သံဃာဦးဆောင် ရွှေဝါရောင် လှုပ်ရှားမှုအပြီး တက်ကြွလှုပ်ရှားသူ လူငယ်များ စုပေါင်းကာ အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

ဗိုလ်တထောင်၊ ကျောက်တံတားမြို့နယ်၊ သမိုင်းလမ်းဆုံ၊ မန္တလေးနှင့် ပဲခူးမြို့တို့တွင်လည်း လှုံ့ဆော်စာများ ကပ်ခဲ့ကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးများ လုပ်ဆောင်သဖြင့် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အဖွဲ့ဝင် ၁၇ ဦး အဖမ်းခံခဲ့ရကြောင်း မြေသြဇာအဖွဲ့က ဆိုသည်။  

GW အဖွဲ့ဝင်များကလည်း "မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက်" ဟု ဆိုကာ ဘတ်စ်ကားများ၊ တန်ခိုးကြီးဘုရားများပေါ်တွင် နှင်းဆီပန်းများ ဝေခြင်း၊ စာကပ်ခြင်း၊ ပို့စ်ကဒ်ကျဲခြင်းကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များတွင် ထိုနေ့က လုပ်ဆောင်ခဲ့ကြသော်လည်း ဖမ်းဆီးခံရမှု မရှိကြောင်း အဖွဲ့၏ ပြောခွင့်ရသူ ကိုမိုဃ်းသွေးက ပြောသည်။

ပြီးခဲ့သည့်နှစ် မတ်လမှစ၍ စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသူ GW အဖွဲ့ဝင် ၂၀ ဦးခန့်ရှိသည်ဟု ဆိုသည်။  

Most read this week