ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်း ထောင်ဒဏ် ၅ နှစ် ထပ်တိုး

ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်း ထောင်ဒဏ် ၅ နှစ် ထပ်တိုး
by -
ဖနိဒါ
ထောင်ဒဏ် ၁၀ နှစ်ကျော် ကျခံရသူ ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်းကို တောင်ဒဂုံမြို့နယ် တရားရုံးက တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် ယမန်နေ့က ထောင်ဒဏ် ၅ နှစ် ထပ်ချလိုက် ...

ချင်းမိုင် (မဇ္ဈိမ)။ ။ ထောင်ဒဏ် ၁၀ နှစ်ကျော် ကျခံရသူ ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်းကို တောင်ဒဂုံမြို့နယ် တရားရုံးက တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် ယမန်နေ့က ထောင်ဒဏ် ၅ နှစ် ထပ်ချလိုက်သည်။

အသက် ၂၁ နှစ်အရွယ် သူ့ကို တောင်ဒဂုံမြို့နယ် ရဲစခန်းမှူး ဦးကျော်ဆန်းဌေးက တရားလိုအဖြစ် တရားစွဲ ထားရာမှ ယမန်နေ့ကမူ တရားလိုပြောင်းကာ မတရားအသင်းဖွဲ့မှု ပုဒ်မ ၆ ဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်ချခြင်း ဖြစ်သည်။

ယခင်က သူ့ကို ထောင်ဒဏ် ၁၀ နှစ်ခွဲ ချခဲ့ပြီးဖြစ်သဖြင့်၊ နောက်တိုးနှင့်ဆိုလျှင် ၁၅ နှစ်ခွဲ ကျခံရတော့မည်။

"သူ့ကို နောက်ထပ် ၅ နှစ် ထပ်ချလိုက်တယ်။ ပထမတော့ ၁ဝ နှစ်ခွဲပေါ့နော်။ တောင်ဒဂုံတရားရုံးက။ မတရားအသင်းဖွဲ့မှု ပုဒ်မ ၆ နဲ့ ပေါ့နော်။ သားကို မတရားအသင်းဖွဲ့တယ် ပြောတယ်။ တရားရုံးမှာ စွမ်းအားရှင် ဦးအောင်ထူးက တရားလိုပေါ့နော်" ဟု ဒီငြိမ်းလင်း၏ အဒေါ်တဦးက မဇ္စျိမကို ပြောသည်။

"စိတ်မကောင်းပါဘူး။ ချတာက အသက်ထက်ဝက်တောင် ကျော်အုံးမယ်။ တဖက်က တွေးတော့လည်း အများကောင်းကျိုးအတွက် လုပ်တာပဲ။ အများအတွက် လုပ်တယ်ဆိုတော့ ဂုဏ်ယူပါတယ်။ သူကလည်း ပြောပါတယ်။ သူ့အတွက် 'ဘာမှ ဝမ်းနည်းစရာ မလိုဘူး။ မငိုနဲ့' တောင် မချခင် ပြောသေးတယ်" ဟု အဒေါ်က ဆက်ပြောသည်။

ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာတော်များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုကြီး ပေါ်ပေါက်နေချိန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ဗကသ ခေါင်းဆာင်မှုပိုင်းကို ပြန်ဖွဲ့ရာ ဒီငြိမ်းလင်း ပါ၀င်ခဲ့သည်။

ဗကသ သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသော်လည်း၊ စစ်အစိုးရ အဆက်ဆက်က တရားဝင် ဖွဲ့စည်းခွင့် မပြုသောကြောင့် မြေအောက်လှုပ်ရှားမှုဖြင့် ရပ်တည်လှုပ်ရှားနေသော ကျောင်းသားအဖွဲ့ ဖြစ်သည်။

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ဘူမိဗေဒ နောက်ဆုံးနှစ် ကျောင်းသား ဒီငြိမ်းလင်းကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်ရှိ ပါရမီ တိုက်ခန်းတခုတွင် အဖမ်းခံလိုက်ရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် နိုင်ငံတော် လုံခြံုရေးကို ထိခိုက်စေမှု - ၅၀၅ (ခ) အပါအဝင် ပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် ၆ ခွဲ၊ နောက်ပိုင်းတွင် ၅ဝ၅(ခ) နှင့် ရုန်းရင်းဆန်ခတ် ဖြစ်စေမှုတို့ဖြင့် ထောင်ဒဏ် ၄ နှစ် ချခဲ့သည်။

ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင်ဖြစ်သည်။ သူသည်လည်း ထောင်ဒဏ် ၆၅ နှစ် အချခံထားရကာ၊ အဖိုးမှာ သာယာဝတီထောင်တွင် အကျဉ်းကျနေစဉ် ကွယ်လွန်ခဲ့သော ထီးလင်းမြို့ မဲဆန္ဒနယ်မှ ရွေးကောက်ခံ လွှတ်တော်အမတ် ဦးစောဝင်း ဖြစ်သည်။