တရားမဝင် ကြက်ဥများတွင် မယ်လမင်းဓါတ် ပါ၀င်နိုင်ဟု ဆို

တရားမဝင် ကြက်ဥများတွင် မယ်လမင်းဓါတ် ပါ၀င်နိုင်ဟု ဆို
by -
စိုင်းအောင်
မြန်မာပြည်တွင်းစျေးကွက်များသို့ တရားမဝင်တင်သွင်းလာသည့် ကြက်ဥများတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် မယ်လမင်း ဓါတုဓါတ်များ ပါ၀င်နိုင်သည်ဟု  ဗမာစစ်အာဏာပိုင်များကြား နိုးဆော်ထားကြောင်း သိရ ...

မြန်မာပြည်တွင်းစျေးကွက်များသို့ တရားမဝင်တင်သွင်းလာသည့် ကြက်ဥများတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် မယ်လမင်း ဓါတုဓါတ်များ ပါ၀င်နိုင်သည်ဟု  ဗမာစစ်အာဏာပိုင်များကြား နိုးဆော်ထားကြောင်း သိရသည်၊၊

အထူးသဖြင့် တရုတ်ပြည်ဘက်မှတဆင့် နယ်စပ်ဖြတ်ကျော်ကာ တရားမဝင်တင်သွင်းလာသည့် ကြက်ဥများသည် မယ်လမင်းဓါတ် ပါ၀င်ဘွယ်ရှိသဖြင့် တရားမဝင်တင်သွင်းခြင်းနှင့် စျေးကွက်များအတွင်းဖြန့်ဖြူးရောင်းချခြင်းများကို စုံစမ်းစစ်ဆေးသွားရန်လည်း ညွန်ကြားထားသေးကြောင်း နယ်စပ်အာဏာပိုင်နှင့်နီးစပ်သည့် ကုန်သယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည် ၊၊

ထိုသို့ အာဏာပိုင်များဘက်မှ တရားမဝင်ကြက်ဥများတွင် မယ်လမင်းပါ၀င်နိုင်သည်ဟု ဆိုခြင်းမှာ သံသယဖြင့် ပြောခြင်းသာဖြစ်ပြီးဓါတ်ခွဲခန်းများတွင် တွေ့ရှိပြီး တစ်ပြည်လုံးသို့ တရားဝင်ကြေငြာခြင်းမရှိပါ၊၊

ရှမ်းပြည်(မြောက်ပိုင်း)နှင့်ကချင်ပြည် နယ်စပ်နေပြည်သူများသည် တရုတ်ပြည်ထွက် ဟင်းသီးဟင်းရွက်အပါအဝင် စားသောက် ကုန်ပစ္စည်းမျိုးစုံကိုဝယ်ယူကာ နေ့စဉ်မှီခိုစားသုံးနေရသဖြင့် ကြက်ဥနှင့်ပတ်သက်၍ပိုမိုအကျိုးသက်ရောက် မှုရှိနိုင်သည် ၊၊

ထို့ကြောင့် တရားမဝင်တင်သွင်းသည့် ကြက်ဥများအပေါ် စိုးရိမ်မှုနှင့် မယ်လမင်းကြောင့်ဖြစ်လာနိုင်သည့်ဘေးဥပါတ် အန္တရယ် များအကြောင်းကို သိထားခြင်းရှိမရှိ ဒေသခံများကိုဆက်သွယ်မေးမြန်းရာ အတော်များများကမသိရှိကြ သေးကြောင်းနှင့် အချို့ကလည်း ကြက်ဥပင် မစားတော့သူများလည်းရှိကြောင်း စုံစမ်းမေးမြန်းချက်အရသိရသည် ၊၊

မီဒီယာလောကနှင့်နီးစပ်ပြီး မျက်မှောက်အခြေအနေကို မျက်ခြေမပြတ်သောနယ်စပ်မြို့များတွင်ကူးသန်းသွားလာနေသူ မြန်မာ တချို့ကတော့ အစိုးရိမ်လွန်ကာ ကြက်ဥဆိုလျင် လုံးဝမစားသုံးသူများလည်း  ရှိကြောင်းသိရသည် ၊၊

“ဟုတ်တယ်လေ မြစ်ကြီးနားတို့ဘက်မှာ မယ်လမင်းပါတဲ့ကြက်ဥတွေဝင်တယ်လို့ သတင်းတွေထွက်သေးတယ်လေ ကျနော်တို့က တော့ လုံးဝမစားတော့ဘူးဗျ မစားရဲတော့တာပေါ့ မစားတော့တာများတယ်ထင်တယ်” လို့ အဆိုပါ လူငယ်တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့သားတစ်ဦးကတော့ “ဒီမှာတော့ အဲဒါနဲ့ပတ်သက်ပြီးဘာမှပြောသံ မကြားရဘူး ဘယ်သူမှလည်းသတိမထား မိကြဘူး ဒီအတိုင်းပဲ ပုံမှန်ဝယ်စား နေကြတာပဲ ဒီမှာတော့ကြက်ဥတစ်လုံး မြန်မာငွေ၁၀၀ပေါ့ ” လို့ သူက ပြောသည် ၊၊

အာဏာပိုင်များက တရားမဝင်သယ်ဆောင်သည့် ကြက်ဥများ ၀င်ရောက်လာမှုကို တားဆီးပိတ်ပင်ရန် ညွှန်ကြားထားသည့်တိုင်  တရားမဝင်ကြက်ဥတင်သွင်းမှု့ရှိနေဆဲဖြစ်ကြောင်း ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်ဒေသခံတစ်ဦးက အခုလို ပြောပြသည် ၊၊

“ဒီဘက်ကိုဝင်တာတော့ဝင်နေတာပဲ တရားဝင်တော့မဟုတ်ဘူးပေါ့ စက်လှေနဲ့အပြည့်အပြည့်ပဲ ရွေလီကနေကုန်ကား အသေးလေး တွေနဲ့ စက်လှေပေါ်တင်တာ ကြက်ဥတွေကဒ်လိုက် အပြည့်ပဲ ဟိုတလောက အဲဒီကြက်ဥတင်တဲ့စက်လှေ တစ်စီး ဟိုဖိုင်လှေဆိပ်မှာ မှောက်သွားသေးတယ် ”

“တရုတ်ကနေတင်သွင်းတဲ့ ဟင်းသီးဟင်းရွက်ရော  ကြက်ဥရော မြန်မာဘက်က မုန့်တို့ အချိုရည်တို့တခြားလူသုံး ပစ္စည်း မျိုးစုံပေါ့ ဂိတ်မှာ ဗမာရဲကိုငွေပေးပြီး  တစ်နိုင်တစ်ပိုင် စက်ဘီးနဲ့ သုံးဘီးနဲ့သယ်နေတာပဲ ” လို့ သူကပြောသည်၊၊