အရပ်သားလွတ်လပ်မှု အဆိုးဆုံးနိုင်ငံများမှာ မြန်မာပါဝင်ဟု လူ့အခွင့်အရေးအဖွဲ့ ပြောဆို

အရပ်သားလွတ်လပ်မှု အဆိုးဆုံးနိုင်ငံများမှာ မြန်မာပါဝင်ဟု လူ့အခွင့်အရေးအဖွဲ့ ပြောဆို
အမေရိကန်အခြေစိုက် Freedom House လူ့အခွင့်အရေးအဖွဲ့ကြီးက ကမ္ဘာတလွှား လွတ်လပ်မှု အခြေအနေနှင့် စပ်လျဉ်း၍ နှစ်ပတ်လည်အစီရင်ခံစာကို ထုတ်ပြန်ရာ မြန်မာနိုင်ငံသည် 'အဆိုးတကာ့ အဆိုးဆုံး' နိုင်ငံများစာရင်းတွင် ပါဝင် ...

နယူးဒေလီ (မဇ္ဈိမ)။     ။ အမေရိကန်အခြေစိုက် Freedom House လူ့အခွင့်အရေးအဖွဲ့ကြီးက ကမ္ဘာတလွှား လွတ်လပ်မှု အခြေအနေနှင့် စပ်လျဉ်း၍ နှစ်ပတ်လည်အစီရင်ခံစာကို ထုတ်ပြန်ရာ မြန်မာနိုင်ငံသည် 'အဆိုးတကာ့ အဆိုးဆုံး' နိုင်ငံများစာရင်းတွင် ပါဝင်ပြီး နိုင်ငံသားများသည် နိုင်ငံရေးနှင့် နိုင်ငံသားလွတ်လပ်ခွင့် အခွင့်အရေးများကို မဖြစ်စလောက်သာ ခံစားရရှိသည်ဟု ဆိုလိုက်သည်။  

နိုင်ငံပေါင်း ၁၉၃ နိုင်ငံနှင့် မဟာဗျူဟာမြောက်နယ်မြေ ၁၆ ခုကို လေ့လာတင်ပြထားသော ၂ဝဝ၉ ခုနှစ် ကမ္ဘာ့လွတ်လပ်မှု အစီရင်ခံစာ၌ အရပ်သားများအပေါ် ချုပ်ချယ်ကန့်သတ်မှုများ ပြုလုပ်ရာတွင် အဆိုးရွားဆုံး နိုင်ငံများစာရင်း၌ မြန်မာနိုင်ငံကို မြောက်ကိုရီးယား၊ တာ့ခ်မေနစ်စတန်၊ ဥဇဘက်ကစ်စတန်၊ လစ်ဗျား၊ ဆူဒန်၊ အီကွေတိုးရီးယဲလ်ဂီနီနှင့် ဆိုမာလီယာတို့နှင့်အတူ ဖော်ပြခံရခြင်းဖြစ်သည်။  

ဤအစီရင်ခံစာက လွတ်လပ်မှုသည် 'ကမ္ဘာ့နေရာအများစု၌ ကမ္ဘာတလွှား ကျဆင်းမှု တတိယမြောက်နှစ်အဖြစ် ၂ဝဝ၈ ခုနှစ်အတွင်း နောက်ဆုတ်သွားခဲ့ပြန်ကြောင်း' ဖြင့် ရေးသားထားသည်။ ယင်းသို့ နောက်ဆုတ်သွားခဲ့သည့် နိုင်ငံများမှာ ဆပ်ဆာဟာရအာဖရိက၊ ယခင်ဆိုဗီယက်ယူနီယံဟောင်း၊ တရုတ်၊ မြောက်ကိုရီးယားနှင့် မြန်မာ အပါအဝင် အာရှနိုင်ငံအချို့ဖြစ်သည်ဟု ရေးသားထားသည်။  

ဖရီးဒမ်းဟောက်စ်၏ လေ့လာမှုတွင် နိုင်ငံသားများ ခံစားခွင့်ရှိသော နိုင်ငံရေးအခွင့်အရေးနှင့် နိုင်ငံသားလွတ်လပ်မှုများနှင့် စပ်လျဉ်း၍ လွတ်လပ်သည်၊ တစိတ်တပိုင်း လွတ်လပ်သည်၊ လုံးဝ မလွတ်လပ်ဟု အမျိုးအစား ခွဲခြားထားပြီး၊ မြန်မာသည် အခြား ၄၁ နိုင်ငံနှင့်အတူ 'မလွတ်လပ်' စာရင်း၌ ပါဝင်နေသည်။  

အတိုက်အခံ တက်ကြွလှုပ်ရှားသူများအပေါ် ဖမ်းဆီးခြင်း၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း စသည်တို့ဖြင့် နိုင့်ထက်စီးနင်း ပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ စစ်တပ်အုပ်စိုးသူများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်ရှုတ်ချခြင်းကို ၂ဝဝ၈ ခုနှစ်က ခံခဲ့ရသည်။   

သံဃာတော်များ ဦးဆောင်သည့် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ ဆန္ဒပြပွဲများပြီးကတည်းက မြန်မာစစ်အစိုးရသည် အတိုက်အခံများအပေါ် ဖိနှိပ်နှိမ်နင်းမှုများကို တိုးမြှင့်ပြုလုပ်ခဲ့သည်။ ထင်ရှားသော ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအဝင် သူ၏ အဖွဲ့ဝင်များဖြစ်သော လှုပ်ရှားတက်ကြွသူများအား ဖမ်းဆီးခြင်းတို့ ပြုလုပ်ခဲ့သည်။  

စစ်အစိုးရသည် ၂ဝဝ၈ ခုနှစ် သြဂုတ်လကတည်းက စတင်၍ ထောင်တွင်း လျှို့ဝှက်တရားစီရင်မှုများဖြင့် ထောင်ဒဏ် ၆၈ နှစ်အထိ ပြင်းထန်သော နှစ်ရှည်ထောင်ဒဏ်များ ချမှတ်အပြစ်ပေးခဲ့သည်။ ဤသို့ပြင်းထန်သော နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသူများထဲတွင် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ ဆန္ဒပြပွဲများအတွင်း အရေးပါသော အဓိက ခေါင်းဆောင်မှုအခန်းမှ ပါဝင်ခဲ့သော အတိုက်အခံ ဗုဒ္ဓဘာသာဘုန်းတော်ကြီး အရှင်ဂမ္ဘီရလည်း ပါဝင်သည်။ သူ့ကို ထောင်ဒဏ် ၆၈ နှစ် အပြစ်ပေးခဲ့သည်။  

မြန်မာစစ်အစိုးရကမူ ဒီမိုကရေစီစနစ်သို့ လမ်းပြမြေပုံတရပ်ဖြင့် ရှေးရှုသွားနေပြီး ၂ဝ၁ဝ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲတရပ် ကျင်းပပေးမည်ဟု ပြောနေသည်။ သို့သော် ဝေဖန်သူများကမူ အဆိုပါ ရွေးကောက်ပွဲများ လွတ်လပ်မျှတမှု ရှိပါ့မလားဟု သံသယရှိနေကြသည်။  

နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြောင့် တိုင်းပြည်၏ အနောက်တောင် ကမ်းရိုးတန်းဒေသတွင် အလွန်ပြင်းထန်ကြီးမားသော ဘေးဒုက္ခကျရောက်မှု အကျပ်အတည်းများ ရှိနေသည့်အကြားမှ စစ်အစိုးရက သူတို့ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ယခင်နှစ် မေလအတွင်း ဆန္ဒခံယူပွဲတရပ် ကျင်းပ၍ အတည်ပြုခဲ့သည်။ အတိုက်အခံနိုင်ငံရေး ပါတီများနှင့် ဝေဖန်သူများကမူ ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ယင်းတို့၏ စစ်တပ်အုပ်စိုးမှု ခိုင်မာတည်မြဲအောင် လုပ်ဆောင်မှုတရပ်သာဖြစ်သည်ဟု ဝေဖန်ပြောဆိုနေကြသည်။  

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကမူ ကာယကံရှင် နိုင်ငံရေးပါတီများ၊ သက်ဆိုင်သူအားလုံးတို့ ပါဝင်သည့် ကျယ်ပြန့်သော တွေ့ဆုံဆွေးနွေးမှုတရပ် ကျင်းပကာ ဒီမိုကရေစီသို့ ပြောင်းလဲရေးဖြစ်စဉ်ကို မြန်မြန်ထက်ထက် ဆောင်ရွက်ပါရန် မြန်မာစစ်အစိုးရကို တိုက်တွန်း ပြောဆိုထားကြသည်။  

မြန်မာနိုင်ငံသည် စစ်တပ်အုပ်စိုးမှုအောက်သို့ ၁၉၆၂ ခုနှစ်ကတည်းက ကျရောက်ခဲ့သည်။