တရားဆိုင် အမတ်နှစ်ဦးကို ရှေ့နေများနှင့် တွေ့ဆုံခွင့် ပိတ်ပင်

တရားဆိုင် အမတ်နှစ်ဦးကို ရှေ့နေများနှင့် တွေ့ဆုံခွင့် ပိတ်ပင်
by -
သန်းထိုက်ဦး
ကုလကို စာရေးတောင်းဆိုမှုကြောင့် ဖမ်းဆီးခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ် နှစ်ဦး၏ အင်းစိန်ထောင်အတွင်း ယနေ့ အထူး တရားရုံးထုတ်ရာသို့ အမှုသည်များ၏ ရှေ့နေနှစ်ဦးအား ထောင်အာဏာပိုင်များက ၀င်ခွင့်မပေးဘဲ တားမြစ် ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ကုလကို စာရေးတောင်းဆိုမှုကြောင့် ဖမ်းဆီးခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ် နှစ်ဦး၏ အင်းစိန်ထောင်အတွင်း ယနေ့ အထူး တရားရုံးထုတ်ရာသို့ အမှုသည်များ၏ ရှေ့နေနှစ်ဦးအား ထောင်အာဏာပိုင်များက ၀င်ခွင့်မပေးဘဲ တားမြစ်လိုက်သည်။

အန်အယ်ဒီ အမတ်များဖြစ်သည့် ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ဦးညီပုနှင့် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှ ဒေါက်တာတင်မင်းထွဋ်တို့၏ ရှေ့နေများဖြစ်သည့် ဦးကျော်ဟိုးနှင့် ဦးမောင်မောင်လတ်အား တရားရုံးတွင် ကြားနာခွင့်မပြုဘဲ တားမြစ်လိုက်ခြင်း ဖြစ်သည်။   

"ဒု-ထောင်မှူးက ဘာပြောလဲဆိုတော့ ထောင်ပိုင်ကြီးက ညွှန်ကြားချက် ပေးထားတယ်ပေါ့။ ကျနော်နဲ့ ဦးမောင်မောင်လတ် လာလို့ရှိရင် ထောင်ဝင်ထဲကို ၀င်ခွင့်မပေးပါနဲ့တဲ့။ ကျနော်ကလည်း အဲဒါကို ဘာဖြစ်တာလဲ မေးတော့၊ သူတို့ သတင်းတပ်ဖွဲ့က တာဝန်ရှိသူကနေပြီးတော့ တားမြစ်ခိုင်းတယ်လို့ ပြောတယ်လေ။ အဲဒါနဲ့  ကျနော်တို့လည်း ၀င်လို့ မရဘူး။ ပြန်လာခဲ့ရတာပေါ့" ဟု ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။   

အမတ်နှစ်ဦးအား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု၊ အမျိုးသား ညီလာခံအား ဆန့်ကျင်ခြင်းနှင့် အီလက်ထရောနစ် အက်ဥပဒေများဖြင့် တရားစွဲထားသည်။

သူတို့သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၄ ရက်နေ့က စစ်အစိုးရအနေဖြင့် လမ်းပြမြေပုံကို စွန့်လွှတ်၍ တွေ့ဆုံဆွေးနွေးမှုပြုရန် ကုလသမဂ္ဂလုံခြံုရေးကေင်စီက ဖိအားပေး အရေးယူ ဆောင်ရွက်မှုပြုရန် အိတ်ဖွင့်ပေးစာပေးပို့သူ အမတ် ၅ ဦးတွင် ပါ၀င်ခဲ့သည်။

၂၀၀၈ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က အရပ်ဝတ်နှင့် ရဲ အထူးသတင်းတပ်ဖွဲ့ (SB) ဟု ယူဆရသူ ၈ ဦးက မေးစရာရှိသည်ဟုဆိုကာ အန်အယ်ဒီ အမတ်နှစ်ဦးကို နေအိမ်များမှ ဖမ်းဆီးသွားခြင်း ဖြစ်သည်။  

ကျန်အမတ် ၃ ဦးမှာ ပူးကျင့်ရှင်းထန် (တီးတိန် ၂၊ ဇိုမီးအမျိုးသား ကွန်ဂရက်၊ လွှတ်တော် ကိုယ်စားပြု ကော်မတီ -  စီအာပီပီ အဖွဲ့ဝင်)၊ ဦးသိန်းဖေ (ကန့်ဘလူ ၁၊ တသီးပုဂ္ဂလ၊ စီအာပီပီ အဖွဲ့ဝင်)နှင့် ဒေါက်တာမြင့်နိုင် (ကန့်ဘလူ ၂၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) တို့ဖြစ်သည်။