ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တို့ ချိန်းဆို ထားသည့် ယနေ့ တွေ့ဆုံပွဲပျက်

ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တို့ ချိန်းဆို ထားသည့် ယနေ့ တွေ့ဆုံပွဲပျက်
by -
ဆုမင်းကို

ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ဖွဲ့စည်း ထားသော DPN အဖွဲ့ တို့၏ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲအား ရက်ရွှေ့ဆိုင်း လိုက်ကြောင်း PC အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

မူလက နိုဝင်ဘာ ၁၆ ရက် (ယနေ့) တွေ့ဆုံ ဆွေးနွေး မည်ဟု ချိန်းဆို ထားသော်လည်း ယခုတွင်မူ ရက်ရွှေ့ဆိုင်း လိုက်ပြီ ဖြစ်ကြောင်းနှင့် ရွှေ့ဆိုင်း လိုက်ရသည့် အကြောင်း အရင်းကိုမူ သိရှိ ရခြင်း မရှိပေ။

“ကျွန်တော်ကိုလည်း ငြိမ်းချမ်းရေး ကော်မရှင်ရုံးက မနေ့က ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်း တယ်လို့ပဲ အကြောင်းကြား လာတယ်။ ကျန်တဲ့ အသေးစိတ် ကတော့ ကျွန်တော် မသိဘူး” ဟု ၎င်းကထပ်လောင်းပြောဆိုသည်။

ရက်ရွှေ့ဆိုင်း လိုက်ရခြင်း အကြောင်းရင်းနှင့် ပက်သက်၍ ဟင်္သာမီဒီယာက DPN ခေါင်းဆောင်များထံ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဆက်သွယ်မှု မရရှိ ခဲ့ပေ။

PC နှင့် DPN ပြန်လည် တွေ့ဆုံမည့် ရက်နှင့် ပက်သက်၍ ဦးလှမောင်ရွှေက “တွေ့ဖို့ ရက်သေချာတယ် ဆိုရင်တော့ ကျွန်တော် တို့ကို ပြန်ဖိတ် မှာပေါ့။ တစ်ပတ်ထက်တော့ စောဖို့ မဖြစ်နိုင်ဘူး ထင်တယ်” ဟု ၎င်းက ပြောသည်။

PC နှင့် DPN တို့သည် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် နိုဝင်ဘာ ၈ ရက် ၊ ၉ ရက်တို့တွင် ရန်ကုန်မြို့ NRPC ရုံးတွင် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး DPN ကတင်ပြထားသည့်အချက် ၈ ချက်မှ အချက် တစ်ချက် သဘော တူညီရန် ကျန်ရှိ နေသေးကြောင်း နှစ်ဖက် ခေါင်းဆောင်များက ပြောကြား ထားကာ မည်သည့်အချက် ဆိုသည် ကိုမူ ထုတ်ဖော် ပြောဆို ထားခြင်း မရှိပေ။

Most read this week