PC နှင့် DPN နဝမအကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးရန် UNFC ဆုံးဖြတ်

PC နှင့် DPN နဝမအကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးရန် UNFC ဆုံးဖြတ်
by -
ဖနိဒါ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ နဝမအကြိမ် ရန်ကုန်မြို့တွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန် နိုဝင်ဘာလ ၁၄ ရက်နေ့ ကျင်းပသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့ အရေးပေါ် အစည်းအဝေးမှ ဆုံးဖြတ်လိုက်သည်။

ထိုအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ The Park ဟိုတယ်တွင် ကျင်းပခဲ့ပြီး အဌမအကြိမ် တွေ့ဆုံဆွေးနွေးမှု ရလဒ်များကို UNFC ခေါင်းဆောင်များသို့ အစီရင်ခံ တင်ပြခဲ့သည်။ထို့နောက် ဆက်လက် ညှိနှိုင်းရန်အတွက် အကြံပြုချက်များ၊ သဘော ထားများကို ရယူခဲ့ကာ လာမည့် နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ရန်ကုန်မြို့ NRPC တွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်ဟု DPN ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က ပြောသည်။

“သွားဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကျနော်တို့ကြားမှာ ပြီးခဲ့တဲ့ အဌမအကြိမ်မှာ ကြို ညှိနှိုင်းပြီး ဖြစ်ပါတယ်။ ၁၆ ရက်နေ့ ချိန်းထားပြီ ဖြစ်တဲ့အတွက် နဝမအကြိမ်မြောက် အစည်းအဝေးကို ကြိုတင်ညှိနှိုင်းထားတဲ့အတိုင်း ကျင်းပသွားဖို့ ရှိပါတယ်”ဟု ဦးထွန်းဇော်က သတင်းထောက်များကို ပြောသည်။

DPN မှ အဆိုပြုထားသော အချက် ၈ ချက်ကို အများအားဖြင့် ညှိနှိုင်းနိုင်ခဲ့သော်လည်း သဘောတူညီသည်ဟု မှတ်ယူ၍ မရသေးသလို၊ အမျိုးသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကို တည်ဆောက်သွားရန်ဟူသော အချက် တစ်ချက်ကို ဆွေးနွေးမှု မပြီးပြတ်သေးကြောင်း သိရသည်။

“ကျနော်တို့အချက်အားဖြင့် ပြောဖို့ ခက်ပါတယ်။ အချက် တချက်ထဲတော ့မဟုတ်ဘူး။ အန်စီအေ လက်မှတ်ထိုးနိုင်ဖို့ ကျနေ်ာတို့ အဆိုပြုချက် အချက် ၈ ချက် စလုံးကို နိဂုံးချုပ်တဲ့ ပုံစံက အချက် တချက် ကျန်သည့်တိုင်အောင် ကျန်တဲ့ အချက်တွေလည်း သဘောတူတယ်လို့ မှတ်ယူလို့ မရသေးဘူး။ အဲဒီလို သဘောတော့ ရှိတယ်”ဟု သူက ပြောသည်။

NCA လက်မှတ်ရေးထိုး၊ မထိုးရေးနှင့် ပတ်သက်၍ လာမည့် နဝမအကြိမ်မြောက် ဆွေးနွေးမှု ရလဒ်အပေါ်သာ မူတည်ကြောင်း သူက ပြောသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် DPN အဖွဲ့ ရန်ကုန်မြို့သို့ ထွက်ခွာမည် ဖြစ်သည်။

UNFC တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရ်ကတစ်အဖွဲ့အစည်း (LDU)တို့ ပါဝင်သည်။

Most read this week

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...