UNFC နှင့် အစိုးရတို့ ဆွေးနွေးပွဲ မပြီးပြတ် နှစ်ဖက်ခေါင်းဆောင်များထံ ပြန်တင်ပြရန် တစ်ချက်ကျန်ရှိ

UNFC နှင့် အစိုးရတို့ ဆွေးနွေးပွဲ မပြီးပြတ် နှစ်ဖက်ခေါင်းဆောင်များထံ ပြန်တင်ပြရန် တစ်ချက်ကျန်ရှိ
by -
စောထွန်းလင်း

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ နိုင်ငံရေးဆိုုင်ရာညှိနှိုင်းဆွေးနွေးရေးကိုုယ်စားလှယ်အဖွဲ့(DPN)နှင့် ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ နိုဝင်ဘာ ၈ မှ ၉ ရက်ထိ ရန်ကုန်မြို့ NRPC ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ရာ ပြီးပြတ်မှုမရှိဘဲ နှစ်ဖက်ခေါင်းဆောင်များထံ ပြန်လည်အတည်ပြုချက်ရယူရန် တစ်ချက်ကျန်ရှိ နေသေးသည်ဟု နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။

နှစ်ရက်တာ ပြုလုပ်ခဲ့သည့် DPN နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးမျှော်မှန်း ထားသည့် အတိုင်း နီးစပ်မှုရှိနေပြီးဖြစ်သလို သီးသန့် ဆွေးနွေရန် အချက်တစ်ချက် ကျန်ရှိနေပြီး ဆက်ဆွေးနွေး သွားမည်ဟု ငြိမ်းချမ်းရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုဝင်ဘာ ၉ ရက်နေ့ဆွေးနွေးပွဲအပြီး သတင်း မီဒီယာများနှင့်တွေ့ ဆုံစဉ်ပြောသည်။

အလားတူ DPN အဖွဲ့ခေါင်းဆောင်ခူးဦးရယ်က “ဝေါဟာရလေးတွေ၊ အသုံးအနှုန်းလေးတွေနဲ့ ပတ်သက်ပြီး အကျေ အလည်ဆွေးနွေးပါတယ်။ နှစ်ဖက်သက်ဆိုင်ရာ ခေါင်းဆောင်တွေကိုလည်း အပြန်အလှန် တင်ပြဖို့ ရှိပါတယ်။ အဲ့အခါ ကျမှဘဲ ကျနော်တို့ အနေနဲ့ နောက်ဆုံး အဆုံးသတ်ဖို့ ရှိပါတယ်။ လောလောဆယ် ကျနော်တို့ အများကြီး ပြောစရာမရှိပါ ဘူး။ ဆွေးနွေးမှု ပုံစံကတော့ ကောင်းကောင်းမွန်မွန် ရှိပါတယ်။ ကျနော်တို့ တင်ပြတဲ့ အချက် ၈ ချက်နဲ့ ပတ်သက်လို့ပေါ့ နော်၊ အခုက နောက်ဆုံး အခြေအနေကိုရောက်ဖို့ နီးနေပါပြီးလို့ အဲ့လိုဘဲ ပြောရမှာဖြစ်ပါတယ်” ဟု သတင်းမီဒီယာများသို့ ပြောသည်။

ယခင် တွေ့ဆုံပွဲတွင် UNFC က တင်ပြထားသည့် အချက် ၈ တွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များပါဝင်သည့် အချက် ၅ ကို ဆွေးနွေးရန်သာ ကျန်ရှိသည်ဟု ပြောကြားထားသော်လည်း ယမန်နေ့ ဆွေးနွေးပွဲအပြီးတွင် မည်သည့်အချက်ကျန်ရှိသည်ကို ထုတ်ဖော်မပြောလိုကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ပြောသည်။ 

ယခုလို ဆွေးနွေးရန်ကျန်ရှိသည့် အချက်ကို နှစ်ဖက်ခေါင်းဆောင်များထံ အသီးသီးတင်ပြပြီး လာမည့်တစ်ပတ် နှစ်ပတ် အတွင်း အမြန်ဆုံးပြန်လည်တွေ့ဆုံဆွေးနွေးသွားရန် နှစ်ဖက်သဘောထားရှိသည်ဟု DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ်က ဖြည့်စွက် ပြောသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် DPN တို့ ၁၅ လ ကျော်ကြာဆွေးနွေးခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာ လလယ်ပိုင်းတွင်ပြုလုပ်သည့် သတ္တမအကြိမ်မြောက် အစည်းအဝေးအပြီးတွင် အပြီးသတ်သဘောတူညီမှု ရရှိရန် အတော်နီးစပ်နေပြီးဟု နှစ်ဖက်ခေါင်းဆောင်များက အသီးသီးထုတ်ဖော်ပြောဆို ထားသည်။

July 4, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ငါးပစ်ဂိမ်းနှင့် အွန်လိုင်းလောင်းကစားဂိမ်းရုံများအား ပြီးခဲ့သည့်...
July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...
July 2, 2024
နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏...