အစိုးရ နှင့် DPN ဆွေးနွေးမှုတွင် တပ်ပိုင်းဆိုင်ရာနေရာချထားရေးအပါအဝင် အဆိုပြုချက်အများစု သဘောတူညီမှုရရှိ

အစိုးရ နှင့် DPN ဆွေးနွေးမှုတွင် တပ်ပိုင်းဆိုင်ရာနေရာချထားရေးအပါအဝင် အဆိုပြုချက်အများစု သဘောတူညီမှုရရှိ
by -
ဇေယျာမော်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့(DPN) နှင့် ငြိမ်းချမ်းရေး ကော်မရှင်(PC) တို့၏ ဆွေးနွေးမှုတွင် အချက်အများစု သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့(DPN) နှင့် ငြိမ်းချမ်းရေးကော်မရှင်(PC) တို့၏ (၈) ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ရုံးတွင် နိုဝင်ဘာ ၈ ရက်နေ့ ပြုလုပ်ခဲ့သည်။

 နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့(DPN) ဘက်မှ အစိုးရထံ အဆိုပြုထားသည့် အချက် ၈ ချက်အနက် အချက်နံပါတ် ၃ မှ ၈ အထိ သဘောတူညီမှု ရရှိခဲ့သည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ယနေ့ဆွေးနွေးမှုအပြီး ထုတ်ပြန်ကြေညာခဲ့သည်။

 ယင်းသဘောတူညီမှုရရှိခဲ့သည့်အချက်များသည် တပ်ပိုင်းဆိုင်ရာနေရာချထားရေးကိစ္စရပ်များ ၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ တစ်ရပ်ကို   နှစ်ဖက်သဘောတူသည့် နိုင်ငံတကာက အစိုးရ ကိုယ်စား လှယ်များနဲ့ ဖွဲ့စည်းသွားရန်၊ NCA စာချုပ်တွင် ပါဝင်သည့်အချက်များကို ဖောက်ဖျက်ကျူးလွန်ပါက စောင့်ကြည့်ရန် အတွက် ဖျန်ဖြေရေး ကော်မ ရှင် ဖွဲ့စည်းပေးရန် ၊ အပစ်ရပ်ဒေသများတွင် ပြုလုပ်သည့် စီမံကိန်းများနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူများ၊ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ညှိနှိုင်းဆောင်ရွက်ရန် စသည့်အချက်များ ပါဝင်သည်။

 ဆွေးနွေးမှုနှင့်ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ရန် မဇ္စျိမမှ DPN အဖွဲ့ဝင် ဦးထွန်းဇော်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း "မနက်ဖြန်(နိုဝင်ဘာ ၉) အားလုံးဆွေးနွေးပြီးမှပဲ ကျွန်တော်တို့ပြောနိုင်မယ်ဗျ၊ ဒီနေ့အတွက်က ဆွေးနွေးမှုမပြီးပြတ်တော့ ပြောရခက်ပါတယ်" ဟု ပြန်လည်ဖြေဆိုသည်။

ပြီးပြတ်မှုမရှိသေးသည့် အဆိုပြုချက် (၁) နှင့် (၂) အား ငြိမ်းချမ်းရေးကော်မရှင်ဘက်မှပြန်လည်ပြင်ဆင်ရန် လိုလားနေခြင်းကြောင်း နိုဝင်ဘာ ၉ ရက်နေ့တွင်ဆက်လက်ဆွေးနွေးမည်ဟု UNFC ဘက်မှ ထုတ်ပြန်ထားသည်။

 အစိုးရဘက်မှ ပြန်လည်ပြင်ဆင်လိုလားသည့် အဆိုပြုချက် (၁) နှင့် (၂) သည်   အစိုးရနှင့် တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ၂၄ နာရီ အတွင်း ကြေညာပေးရန် နှင့် အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကို တည်ဆောက်သွားရန် ဆိုသည့် အချက်ဖြစ်သည်။

 ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) နှင့် အစိုးရ တွေ့ဆုံဆွေးနွေးမှုသည် (၈)ကြိမ်မြောက် ဖြစ်သလို အချိန်ကာလအားဖြင့် ၁၅ လကြာ ဆွေးနွေးလာခဲ့ခြင်းလည်းဖြစ်သည်။

 ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) တွင် မွန်ပြည်သစ် ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်အမျိုးသားကောင်စီ(ANC) ၊ လားဟူဒီမိုကရက်တစ်အဖွဲ့အစည်း(LDU)  တို့ ပါဝင်သည်။

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...