မိုင်းပေါက်မြို့သစ်စီမံကိန်း သိမ်းပိုက်ခံလယ်ယာမြေများအတွက် UWSA စတင်လျော်ကြေးပေး

မိုင်းပေါက်မြို့သစ်စီမံကိန်း သိမ်းပိုက်ခံလယ်ယာမြေများအတွက် UWSA စတင်လျော်ကြေးပေး
by -
ဟွမ်ဟိန်း

သျှမ်း(ရှမ်း)ပြည်အရှေ့ပိုင်း မိုင်းယန်းမြို့နယ် မိုင်းပေါက်မြို့နယ်ခွဲအတွင်းဒေသခံ အာဏာပိုင်များဖြစ်ကြည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်မဟာ ၄၆၈ မှ မြို့သစ်စီမံကိန်း အတွက်သိမ်းပိုက်ထားသည့် လယ်ယာမြေများအတွက် လျော်ကြေးများပေးလျော်သည်ဟု သိရသည်။

မိုင်းပေါက်မြို့အခြေစိုက် တပ်မဟာ ၄၆၈ ပေါက်အိုက်ပန်း ကိုယ်စား ဝ တပ်အရာရှိအချို့မှ တာဝန်ယူ ကာ လယ်သမား ၁၀ ဂဏန်းအတွက် တဧကခန့်ရှိမြေတကွက် ( ဒေသအခေါ် မြေအကျယ် တစ်မူး) အတွက် ယွမ်ငွေ ၆၅၀၀ ပေးလျော်ကြောင်း၊ ပြင်ပ ပေါက်ဈေး မြေအကျယ် တစ်မူး ယွမ်ငွေ ၇ သောင်းမှ ၁ သိန်း အထိ ရှိကြောင်း ဒေသခံလယ်သမားတဦးက ဤသို့ပြောသည်။

“ကျနော်တို့က အိမ်အသစ်လဲ ထပ်ဆောက်ရတယ်။ ပိုက်ဆံလဲမလောက်ဘူး။ အိမ်အတွက် ယွမ်ငွေ ၃၅၀၀ ဘဲပေးတယ်။ တချို့ မျက်ရည်နဲ့ မျက်ခွက်နဲ့ ဖြစ်နေတယ်။ ပေါက်ဈေး နဲ့ က တအား ကွာတယ် လေ။ လမ်းမနဲ့ နီးရင် ယွမ်တသိန်း အထိ ရတယ်။ နေရာမကောင်းဘဲ နဲနဲ ဂျောင်ကျ ရင်တောင် ၇ သောင်းက ဘယ်သူ့ကို မဆိုရောင်းရတယ်။ ဒါပေမယ့် အရင်က တမူး ၃၅၀၀ ဘဲ ပေးမယ်။ အခု ၆၅၀၀ ပေးတယ် ဆိုတော့ နည်းနည်းမဆိုးဘူးပေါ့။ ပိုက်ဆံမရှိလို့ယူရတာဘဲ” – ဟု ပိုက်ဆံလက်ခံရရှိတဲ့ ဦးအားဆန်းက ပြောသည်။

အမည်မဖေါ်လိုသည့် ဝ အရာရှိ တဦးက "အစက ဆုံးဖြတ်ထားတာ ၇ သောင်း။ အခု က ၆၅၀၀ ဘဲ ကျ လာလို့ ဒီကနေ့ ဝေစုခွဲပေးလိုက်တာ။ ပေးမယ်ဆိုတာ ဆုံးဖြတ်ချက်ချတာကြာပြီ။ ပိုက်ဆံယူသုံးဖို့ အမိန့်က ခုမှကျလို့။ အစည်းအဝေးထိုင်ပြီး အမြန်ဆုံးလုပ်ပေးလိုက်တာ။ ကျနော်တို့ဘက်ကလဲ အတတ်နိုင်ဆုံးကူညီပေးပါတယ်။ ဒါက အထက်အမိန့်အရလုပ်တာ” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မိုင်းပေါက်မြို့သစ် တည်ဆောက်ရန်အတွက် တပ်မဟာ ၄၆၈ မှ ဂျတော်ခါးရွာနှင့် အနီးအနားရှိ လယ်ယာမြေ ဧက ၃၀၀၀ ကျော်အား ဇူလိုင်လ သိမ်းပိုက်ထားခြင်းဖြစ်သည်။

၂၀၁၇ ဇူလိုင်လက လားဟူလူမျိုးအများစု နေထိုင်သည့် ဂျတော်ခါးရွာ အားလည်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၄၆၈ တပ်မဟာမှူး ပေါက်အိုက်ပန်းအမိန်ဖြင့် အိမ်သစ်ဆောက်လုပ်နေထိုင်ရန် တမိသားစု ယွမ်ငွေ ၃၅၀၀ ထောက်ပံ့ကြေးပေးကာ ရွာသစ်ချနေထိုင်စေခဲ့သည်။

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...