တပ်မတော်သိမ်းထားသည့်ဂိတ်စခန်းများပြန်လည်ပေးအပ်ရန် ပြည်နယ်အစိုးရထံ မွန်ပြည်သစ်ပါတီတောင်းဆို

တပ်မတော်သိမ်းထားသည့်ဂိတ်စခန်းများပြန်လည်ပေးအပ်ရန် ပြည်နယ်အစိုးရထံ မွန်ပြည်သစ်ပါတီတောင်းဆို
မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတွေ့ဆုံပွဲ(photo: MNA)
မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတွေ့ဆုံပွဲ(photo: MNA)

တပ်မတော်သိမ်းဆည်းထားသည့် မွန်ပြည်သစ်ပါတီ၏တပ်တည်ဂိတ်စခန်းများကို ပြန်လည်ပေးအပ်ရန် မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီကိုယ်စားလှယ်တို့ ယနေ့(နိုဝင်ဘာ) ၈ ရက်နေ့ မော်လမြိုင်မြို့ ပြည်နယ်အစိုးရရုံးတွေ့ဆုံပွဲတွင် တင်ပြထားကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက “ဒီဆွေးနွေးပွဲမှာ အဓိကတောင်းဆိုခဲ့တာက ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကို တပ်မတော်က အရေးယူဖမ်းဆီးထားတဲ့ကိစ္စရယ်၊ နောက်ပြီးတော့ ကျွန်တော်တို့တပ်တည်နေရာကိုသိမ်းထားတဲ့ ကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြန်လည်လွှဲပြောင်းပေးဖို့တောင်းဆိုထားတယ်” ဟု နိုင်ဝင်းလှက ပြောသည်။

ဘုရားသုံးဆူ-သံဖြူဇရပ် မော်တော်ကားလမ်းဘေးရှိ မွန်ပြည်သစ်ပါတီ ဂိတ်စခန်း ၂ ခုနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထီးဖိုးနိုင်ကျေးရွာရှိ မွန်ပြည်သစ်ပါတီ အကောက်ခွန်ဂိတ်စခန်းအား လွန်ခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လဆန်းပိုင်းအတွင်း  တပ်မတော်စစ်ကြောင်းများ ဖယ်ရှားပြီးဝင်ရောက်နေရာယူထားခြင်းနှင့် အခြားဒေသတွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီးအရေးယူထားသည့်ဖြစ်စဉ်များရှိခဲ့သည်ဟု သတင်းမှတ်တမ်းများက ဖော်ပြခဲ့သည်။

မွန်ပြည်သစ်ပါတီဘက်မှ တင်ပြလာသည့်အခက်အခဲများကို မွန်ပြည်နယ် အစိုးရအနေဖြင့် အထက်ကိုတင်ပြပြီးမှပြန်လည်ဖြေရှင်းပေးလို့ရမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာအေးဇံက မီဒီယာတွေကို ပြောသည်။

“မွန်ပြည်သစ်ပါတီဘက်ကနေ တင်ပြလာတဲ့အခက်အခဲတွေရှိတယ်၊  အဲဒီအခက်အခဲတွေကို ပြည်နယ်အဆင့်ကနေ ဖြေရှင်းပေးရမှာလည်းရှိတယ်၊ ပြည်ထောင်စုအဆင့် အထိဖြေရှင်းပေးရမှာလည်းရှိသေးတယ်၊ ဒါကိုကျွန်တော်တို့အထက်ကိုတင်ပြပေးရအုံးမှာလေ” ဟု ဒေါက်တာအေးဇံကပြောသည်။

ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ နှစ်ဦးနှစ်ဖက်ယုံကြည်မှုရရှိနိုင်အောင်၊ NCA လက်မှတ်ရေးထိုးရာတွင် မွန်ပြည်သစ်ပါတီအနေနှင့်ပါဝင်လာနိုင်အောင် မွန်ပြည်နယ်အစိုးရအနေနှင့်တိုက်တွန်းထားကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်အပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆိုထားသော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA  မချုပ်ဆိုရသေးပေ။ 

June 3, 2026
မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်းမြင့်တက်မှု မဖြေရှင်းနိုင်သေးသဖြင့် ဆီဈေးနှုန်းများ...
June 2, 2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျုံဟော်ကျေးရွာအနီးရှိ ရင်းငြိမ်ရေထိန်းတံခါးမှ နှစ်စဉ်ကြုံနေရသည့်...
June 1, 2026
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီ-မဲဆောက်ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားကို...
May 30, 2026
ပေါင်မြို့နယ်၊ သဗြုချောင်းကျေးရွာ၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ...