စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်က မြို့မဈေးမှာ ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့ မနက် ပိုင်းက ပန်းရောင်းတဲ့ဈေးသည်တွေ အပါအဝင် ပန်းပန်ထားတဲ့ အရပ်သား ပြည်သူအယောက် (၂၀) ကျော် ဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေက Chin World Media ကို ပြောပါတယ်။
ကလေးမြို့မစျေးထဲက ပန်းသည်တွေနဲ့ ပန်းပန်ထားတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွား တာ ဖြစ်ပါတယ်။
မျက်မြင်တစ်ယောက်က “စစ်ကား တစ်စီးပြီးတော့ ကားအသေးက (၅) စီးလောက်ရှိမယ်။ အရပ်ဝတ်ဝတ်ထား တယ်ပေါ့ ဈေးရဲ့ အနောက် ဖက်ကနေ ပန်းပန်တဲ့သူအကုန်ဖမ်းတာ။ စပယ်ပန်းရောင်းတဲ့ အဒေါ်ကြီးလည်း စပယ်ပန်း ပန်ထားလို့ဆိုပြီး ဖမ်းသွားတယ်။ အများစုကတော့ ဈေးသည်တွေပဲ ဖမ်းသွားတာ။ ဖမ်းခံရတဲ့ သူတွေ ကို အရှေ့ရဲစခန်းမှာ ခေါ်သွား တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ဖက်သုံး ကားအသေးနဲ့အတူ ကား (၅) စီးနဲ့ အရပ်ဝတ်ဝတ်ပြီး မြို့မဈေးရဲ့ အနောက်ဖက်ကနေ ဝင်လာပြီး ဈေးသည် အပါအဝင် ဈေးထဲက ပန်းပန်ထားတဲ့သူ အယောက်(၂၀)ကို ဖမ်းဆီး သွား တယ်လို့ မျက်မြင်တွေ့တဲ့သူတွေက ပြောပါတယ်။
ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တာကြောင့် ပန်းသပိတ်ပြုလုပ်ဖို့ လူမူကွန်ရက်မှာ လှုံဆော်နေတာရှိပြီး ပန်းပန်ထားတဲ့သူတွေကို အဲ့ဒီသံသယနဲ့ ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ယောက် ပြောပါတယ်။
“ဈေးလမ်းကိုလာပြီး ဈေးသည်အပါအဝင် ပန်းပန် တဲ့သူတွေကိုဖမ်းတာဟာ တမင်သက်သက် လာဖမ်းတာပဲ ဖြစ်တယ်။ အဲ့တာတောင် ကားထဲ လူမဆန့်တော့လို့ ဆန့်ရင်တော့ ဆန့်သလောက်ကို ဖမ်းသွားမှာ သေချာတယ်” လို့ ပြောပါတယ်။
အခုလက်ရှိအချိန်မှာ ကလေးမြို့က လူစည်ကားရာနေရာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပန်းပန်တဲ့သူတွေ ကို ဖမ်းဆီး စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၉ ရက်နေ့ (ဒီကနေ့) ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပန်းသပိတ် လှုပ်ရှားမှုတွေလုပ်ဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းသပိတ် လှုပ်ရှားမှုကို လုပ်ဆောင်နေကြသလို ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သတိရ လွမ်းဆွတ်နေပါတယ်ဆိုတဲ့ စာသား လမ်းမပေါ်မှာ ချိတ်ဆွဲခဲ့ တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် သူ့မရဲ့ အသက် ၇၅ နှစ်ပြည့် မွေးနေ့နောက်ပိုင်းကစလို့ ဒီနေ့အထိ မွေးနေ့ရက်တွေကို အကျဉ်းထောင်ထဲမှာ ဖြတ်သန်းနေရတာ သုံးနှစ်ရှိပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲတဲ့ အမှုပေါင်း ၁၉ အမှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရပြီး နေပြည်တော် အချုပ်ထောင်တွင်းက အဆောက်အအုံ တစ်ခုမှာ တစ်ဦးတည်း သီးခြားထိန်းသိမ်းခံထား ရတာ ဖြစ်ပါတယ်။