မုန်တိုင်းကြောင့် ပျက်သွားသော ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်မင်္ဂလာကြိုးတံတား ၁လကြာသည်အထိ မပြင်နိုင်သေး

မုန်တိုင်းကြောင့် ပျက်သွားသော ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်မင်္ဂလာကြိုးတံတား ၁လကြာသည်အထိ မပြင်နိုင်သေး
မိုခါမုန်တိုင်းကြောင့် ပြိုပျက်သွားသည့် ဦးရာဇ်မင်္ဂလာကြိုးတံတားကို ဇွန်လ ၁၃ ရက်၊ ညနေပိုင်းက တွေ့ရစဥ်။
မိုခါမုန်တိုင်းကြောင့် ပြိုပျက်သွားသည့် ဦးရာဇ်မင်္ဂလာကြိုးတံတားကို ဇွန်လ ၁၃ ရက်၊ ညနေပိုင်းက တွေ့ရစဥ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မိုခါမုန်တိုင်းကြောင့် ပြိုပျက်သွားသည့် ဦးရာဇ်မင်္ဂလာကြိုးတံတားအား ၁ လကြာသည်အထိ မပြုပြင်နိုင်သေးဘူးဟု ဒေသခံများက ပြောသည်။

အဆိုပါကြိုးတံတားသည် မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် သွားလာ၍ မရလောက်အောင်အထိ ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

မုန်တိုင်းတိုက်ပြီးနောက် ၁ လကြာသည်အထိ ပြန်လည်ပြုပြင်ခြင်းမရှိသေး၍ ဘုရားဖူးများအနေဖြင့် ဦးရာဇ် တော် ဓာတ်စေတီတော်မြတ်သို့ သွားရောက် ဖူးမြော်နိုင်ခြင်း မရှိသလို မြစ်တစ်ဘက်ကမ်းရှိကျေးရွာများမှ ကျောင်း သူ၊ ကျောင်းသားများနှင့် ဒေသခံများသည်လည်း ပုဏ္ဏားကျွန်းမြို့ပေါ်သို့ လာရာတွင် မြစ်ကို စက်လှေ ဖြင့်ကူးနေရ၍ အန္တရာယ်ရှိနေကြောင်း မြို့ခံများက ပြောသည်။

မြို့ခံတစ်ဦးက “အခုလောလောဆယ် အခြေအနေမှာတော့ ချောင်းကို ကူးတို့လှေနဲ့ ကူးပြီးတော့ သွားနေရပါ တယ်။ ဆိုတော့ အချိန်လည်း ကြာတယ်လေ။ အန္တရာယ်လည်းရှိတာပေါ့။ ချောင်းကူးလို့သွားရတယ်ဆိုတော့။ ဒါကြောင့် ဒီတံတားကို အမြန်ဆုံးပြုပြင်ပေးသင့်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

ဦးရာဇ်မင်္ဂလာ ကြိုးတံတားသည် ပုဏ္ဏားကျွန်းမြို့နှင့် မြစ်တစ်ဘက်ကမ်းရှိ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်နှင့် အနီးရှိ နတ်ဆိပ်၊ တန်းစွယ်၊ မင်းဂံ၊ ကျော်ဇံ၊ တန်းခိုးစသည့် ကျေးရွာများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့အတွက် သွားလာရလွယ်စေရန် ကင်းချောင်းအား ဖြတ်ထိုးထားသော ကြိုးတံတားတစ်စင်း ဖြစ် သည်။

လက်ရှိတွင် မုန်တိုင်းကြောင့် ပြိုပျက်သွားပြီးနောက် ဂေါပကအဖွဲ့က စက်လှေငယ်တစ်စီးဖြင့် ခရီးသည်များကို ပို့ဆောင်နေပြီး ကျောင်းသူ၊ ကျောင်းသားများမှအပ ခရီးသည်တစ်ဦးလျှင် အသွားအပြန် ကျပ် ၁ ထောင်နှုန်း ကောက်ခံနေကြောင်း မြို့ခံများက ပြောသည်။

ပြိုပျက်သွားသည့် ကြိုးတံတားကိုလည်း ယမန်နေ့ ဇွန်လ ၁၂ ရက်က နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က သွားရောက်ကြည့်ရှုခဲ့ပြီး အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့ ကြသည်ဟု ဆွေးနွေးရာတွင်ပါဝင်ခဲ့သည့် ဦးရာဇ်တော်ဓာတ်စေတီ ဂေါပကအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပြည်ထောင်စုဝန်ကြီးက မေးတော့ နတလပြည်နယ်မှူးက ကျပ်သိန်း ၇၀၀ လောက် ကုန်ကျနိုင်တယ်လို့ ဝန်ကြီး ကိုဖြေခဲ့တယ်။ အရင်ပုံစံအတိုင်း  ကြိုးတံတားအဖြစ် ပြန်လည်ပြုပြင်သွားမှာ။ ပြန်ထည့်လို့ရမဲ့ဟာကို ထည့်ပြီး အသစ်ထည့်ရမဲ့ဟာကို ထည့် အဲလိုမျိုးပေါ့” ဟု ပြောသည်။

မည်သည့်အချိန်စတင်ပြုပြင်မည်ကိုပြောဆိုသွားခြင်းမရှိခဲ့သော်လည်း ဇွန်လကုန်ပိုင်းတွင် စတင်ပြုပြင်နိုင်မည် ဖြစ်ပြီး တစ်လအတွင်းပြီးစီးနိုင်မည်ဟု ဂေါပကအဖွဲ့က ခန့်မှန်းထားသည်ဟု ဆိုသည်။

အဆိုပါ ကြိုးတံတားကို ၁၉၉၄ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင်ပြီးစီးခဲ့သည်ဟု ဂေါပကအဖွဲ့ က ပြောသည်။  လက်ရှိတွင် တံတား၏သက်တမ်းမှာ နှစ်ပေါင်း ၃၀ ခန့်ရှိပြီဖြစ်၍ မကြာခဏ ပြိုကျပျက်စီးမှုများ လည်း ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ ညနေပိုင်ကလည်း ဘုရားဖူးများသွားလာနေချိန် တံတားကျိုးကျမှု ဖြစ် ပေါ် ခဲ့သေးသည်။ ယင်းဖြစ်စဥ်ကြောင့် လူထိခိုက်မှုမရှိခဲ့ဟု သိရသည်။

ယင်းသို့ ပြိုကျမှုများရှိလာနေ၍ သံကူကွန်ကရစ်တံတား အဖြစ် တည်ဆောက်ပေးရန် မြို့ခံများနှင့် ဦးရာဇ်တော် ဓာတ်စေတီဂေါပကအဖွဲ့တို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့ထံ အကြိမ်ကြိမ် တောင်းဆိုသော်လည်း ထူးခြားမှုရှိမလာဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မုန်တိုင်းမတိုက်မီ အခု ပြည်နယ်ဝန်ကြီးချုပ်အသစ် ဘုရားဖူးဖို့ ရောက်လာတယ်။ အဲဒီတုန်းကတောင်းဆိုတော့ သူတို့ တွက်ချကြည့်တဲ့အခါ ကျပ်သန်း ၂ ထောင်ကျော်ကို ပြည်နယ်အစိုးရတစ်ခုတည်းနဲ့အဆင်မပြေလို့ ပြည်ထောင်စုက ခွဲဝေချပေးမှသာ အဆင်ပြေမယ်လို့ ပြောခဲ့တယ်။ ပြည်ထောင်စုအစိုးရကို စာတင်ပေးထားမယ်လို့တော့ ပြောခဲ့တယ်။ ခုထိတော့ ဘာမှ မထူးသေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက်က ပုဏ္ဏားကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယခင်ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းဦးဆောင်သော ပြည်နယ် အစိုးရအဖွဲ့နှင့် မြို့မိမြို့ဖများ၊ ဒေသခံများတွေ့ဆုံပွဲတွင်လည်း ဦးရာဇ်မင်္ဂလာကြိုးတံတားကို ကွန်ကရစ် တံတား အဖြစ် ဆောက်လုပ်ပေးရန် ဒေသခံများက တောင်းဆိုခဲ့ကြသေးသည်။

November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...
November 12, 2024
ရခိုင်ပြည်၊ ကျောက်ဖြူမြို့လေဆိပ်တွင် အသက် ၃၀ ကျော်အရွယ် ရခိုင်အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီး...
Jet Tin Post/ မောင်တောမြို့ ဆန်စျေးကွက် ( ပုံဟောင်း)
November 12, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ကျေးရွာများတွင်...