ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်း မပေးလိုက်ရသည့် မုန်တိုင်းသင့် စစ်တွေဒေသခံအချို့ ထောက်ပံ့ပစ္စည်းများ မရကြ

ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်း မပေးလိုက်ရသည့် မုန်တိုင်းသင့် စစ်တွေဒေသခံအချို့ ထောက်ပံ့ပစ္စည်းများ မရကြ
ရခိုင်က မုန်တိုင်းသင့်ပြည်သူများအား ကူညီရေးပစ္စည်းများပေးနေသော မြင်ကွင်း။
ရခိုင်က မုန်တိုင်းသင့်ပြည်သူများအား ကူညီရေးပစ္စည်းများပေးနေသော မြင်ကွင်း။

ရခိုင်ပြည်၊ စစ်တွေမြို့က ဒေသခံပြည်သူအချို့မှာ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်း ကောက်ယူစဉ် အကြောင်းအမျိုးမျိုးကြောင့် မပေးလိုက်ရသဖြင့် မုန်တိုင်းသင့်ပြည်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တဆင့် ထောက်ပံ့သော ပစ္စည်းများ မရရှိကြဘူးဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက မင်းဂံရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများသည် ရွေးကောက်ပွဲ အတွက်ဟု ဆိုကာ အိမ်ထောင်စုစာရင်း ကောက်ယူခဲ့သည်။ ထိုသို့ကောက်ယူချိန်တွင် နေအိမ်၌မရှိသည့် အခြေခံ လက်လုပ်လက်စား အများစုမှာ အိမ်ထောင်စုစာရင်း မပေးလိုက်ရသည့်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ မရရှိဘဲဖြစ်နေကြသည်ဟု မင်းဂံဒေသခံများက ပြောသည်။

မင်းဂံဒေသခံ ဒေါ်သန်းသန်းနွယ်က “အိမ်ထောင်စုစာရင်း လာကောက်တုန်းက အိမ်မှာမရှိတော့ အိမ်ထောင်စု မိတ္တူ မပေးလိုက်ရဘူး။ အခု မုန်တိုင်းနဲ့ ကယ်ဆယ်ရေးပေးလို့ ရပ်ကွက်ဥက္ကဋ္ဌ အိမ်မှာ သွားထုတ်တာ။ ဆန်ပေး နေတဲ့စာရေးမတွေက အိမ်ထောင်စု စာရင်း ပေးထားတာမရှိလို့ ကယ်ဆယ်ရေးမရဘူးလို့ ပြောတဲ့အတွက် မရခဲ့ ဘူး” ဟု DMG ကို ပြောသည်။

မင်းဂံရပ်ကွက်တွင် ရပ်ကွက် (၁) မှ (၁၇) အထိ အိမ်ထောင်စုပေါင်း ၄,၈၀၀ ကျော်ရှိပြီး ယင်းအထဲမှ အိမ် ထောင်စု အများအပြားမှာ မုန်တိုင်းသင့်ပြည်သူများကို ထောက်ပံ့သော ကူညီကယ်ဆယ်ရေးပစ္စည်းများ မရရှိကြခြင်းဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မင်းဂံရပ်ကွက် (၁၁) မှ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက “ကယ်ဆယ်ရေးတွေ ပေးတဲ့အထဲ WFP ကပေးတာ တစ်ခုပဲ ရသေးတယ်။ စစ်ကောင်စီကပေးတာ တစ်ခုမှမရသေးဘူး။ ရွေးကောက်ပွဲတုန်းက ကောက် ခဲ့တဲ့ အိမ်ထောင်စုစာရင်းနဲ့ ပေးတာလို့ ပြောကြတယ်။ ကျမတို့မှာ အိမ်ထောင်စု မိတ္တူပေးထားတာမရှိလို့ ကယ်ဆယ်ရေး မရဘူးလို့ ပြောတယ်။ ကယ်ဆယ်ရေးကို ဘယ်လိုပေးနေကြလဲ မပြောတတ်တော့ဘူး” ဟု ပြော သည်။

ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်း ကောက်ယူချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အိမ်ထောင်စု စာရင်း မိတ္တူပေးထားသည့် ဒေသခံများသာ မုန်တိုင်းကယ်ဆယ်ရေး ပစ္စည်းများ ရရှိကြခြင်းဖြစ်သည်ဟု မင်းဂံရပ်ကွက် (၁၀) မှ ဒေါ်ဖြူဖြူအေးက ပြောသည်။

“ကိုယ့်မှာရှိတဲ့ အိမ်ထောင်စုကို သူတို့ကိုပြရတယ်။ အဲဒီ အိမ်ထောင်စုမိတ္တူက သူတို့ဆီမှာရှိမှ ကယ်ဆယ်ရေး ရတယ်။ အိမ်ထောင်စုမပေးလိုက်ရလို့ ကယ်ဆယ်ရေးပစ္စည်း မရတဲ့သူတွေအများကြီးပဲ။ ရတဲ့သူတွေကတော့ ဆန်ရှစ်ပြည်ရတယ်။ ဆီကတော့ တစ်လီတာကို အိမ်ထောင်စု လေးစုစီ ခွဲပြီးရကြတယ်” ဟု သူက ပြောသည်။

မင်းဂံရပ်ကွက်တွင် အိမ်ထောင်စုစာရင်းဖြင့် မုန်တိုင်းသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးပေးနေသည်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်နေခြင်းဟု မင်းဂံရပ်ကွက်နေ ရာအိမ်မှူးများထံမှ စုံစမ်း သိရှိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မင်းဂံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းအား ဆက်သွယ်မေးမြန်းခဲ့ရာ “ရွေးကောက်ပွဲ အတွက် အိမ်ထောင်စုစာရင်း ကောက်တုန်းက အိမ်မှာ လူမရှိတဲ့အတွက် စာရင်းထဲမပါတဲ့ အိမ်ထောင်စုတွေက ကယ်ဆယ်ရေးမရကြဘူး။ ရလာတဲ့ဆန်နဲ့ မင်းဂံရပ်ကွက်က အိမ်ထောင်စုအကုန်လုံးကို မျှပေးဖို့က မဖြစ်နိုင် ဘူးလေ” ဟု ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် မုန်တိုင်းသင့်ပြည်သူများအား အိမ်ထောင်စုစာရင်းဖြင့်သာ ကယ်ဆယ်ရေး ပစ္စည်းများ ပေးနေခြင်းမှာ မဖြစ်သင့်သည့်ကိစ္စ ဖြစ်ကြောင်း စစ်တွေမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခြေအနေ အရပ်ရပ်ကြောင့် အိမ်ထောင်စုစာရင်း မရှိတဲ့သူတွေ၊ လုပ်နေဆဲလူတွေ ရှိကြမယ်။ အဲဒါကြောင့် အိမ်ထောင်စုမပေးနိုင်လို့ ကယ်ဆယ်ရေးမရတာက မဖြစ်သင့်ဘူး။ မုန်တိုင်းဒဏ်ကို လူတိုင်း ခံလိုက်ရတာ ဖြစ် တဲ့အတွက် လူတိုင်း ကယ်ဆယ်ရေးရပိုင်ခွင့်ရှိတယ်” ဟု သူက ဆိုသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်တို့တွင် နေအိမ်၊ အဆောက်အအုံ အများ အပြား ပျက်စီးသွားခဲ့ပြီး မုန်တိုင်းသင့်ပြည်သူများမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရှိမှုများ အားနည်း နေဆဲဖြစ်သည်။

Most read this week

အောက်တိုဘာ ၁၀ ရက်နေ့တွင် ကျောက်တော်မြို့ ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲပြီးနောက်။ (ဓာတ်ပုံ - ABN)
November 14, 2024
ရခိုင်ပြည်တွင် တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်အထိ...
November 14, 2024
ရခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏...
မတ်လ ၇ ရက်၊ ၂၀၂၁ ခုနှစ်တွင် ရိုက်ကူးထားသည့် စစ်တွေမြို့ရှိ စစ်ကောင်စီပိုင် အင်းဝဘဏ်ရှေ့မြင်ကွင်း။
November 13, 2024
ရခိုင်ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင်းနေရာတချို့တွင် စစ်ကောင်စီက ခံတပ်အခိုင်အမာ...
November 13, 2024
ရခိုင်ဒေသအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများသည် အချိန်ကာလအားဖြင့်...