ပြည်ထောင်စု ဘဏ္ဍာငွေအရ သုံးဆိုင်ရာ ဥပဒေပါဖော်ပြချက်အရ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသ ကြီးနဲ့ ပြည်နယ် (၁၄)ခု အတွက် အရေးပေါ်ရန်ပုံငွေ ကျပ်သန်းပေါင်း (၁၁၄) သန်းခွင့်ပြုထားပေမယ့် စစ်ကောင်စီ က မုန်တိုင်းဘေးသင့်ပြည်သူတွေအတွက် အလှူခံနေပါတယ်။
ဝါဒဖြန့်သတင်းစာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့တွေနဲ့အတူ ကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်လို့ ဖော်ပြထား ပေမယ့် တကယ့်မြေပြင်မှာ ကူညီထောက်ပံ့တာမရှိသေးဘူးလို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေ က ပြောပါတယ်။
မြောက်ဦးမြို့နယ်အတွင်း မြေပြင်ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးက “အခုလောလောဆယ် ကျွန်တော်တို့ ဘာမကြားသေးဘူး။ ကျွန်တော်တို့ဆီကိုလည်း ဘာသတင်းမှ ရောက်တာ မျိုး မရှိသေးဘူး။ ရန်ပုံငွေကိစ္စတို့၊ ကူညီထောက်ပံ့ရေးတို့ အခုချိန်ထိ ဘာမှမပြောသေးဘူးပေါ့။ နေရာတိုင်းမှာ ကျတော့ ပရဟိ တအဖွဲ့တွေ တခြား CSO တွေ တခြားရပ်ရွာကလူတွေနဲ့ ပူး ပေါင်းပြီး ကူညီပေးနေရတာမျိုးတွေ ရှိတာပေါ့” လို့ ပြောပါတယ်။
မုန်တိုင်းတိုက်ခတ်ပြီးချိန် (၃) ရက်ကြာတဲ့အထိ စစ်ကောင်စီဘက်က အရေးပေါ်ရန်ပုံငွေကို မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် ဘယ်လောက်ထုတ်ယူသုံးစွဲမယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ မေလ(၁၄) ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့ကို ဦးတည်တိုက်ခတ်လာတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရတဲ့ ပြည်သူတွေအတွက် စစ်ကောင်စီက အလှူငွေနဲ့ပစ္စည်းတွေ ပေးအပ် လှူ ဒါန်းနိုင်တယ်လို့ ဝါဒဖြန့်သတင်းစာတွေမှာ ကြေညာလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီက စေတနာရှင်တွေအနေနဲ့ အလှူငွေကိုကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလှူဒါန်းနိုင်တယ်လို့ ဆိုထားသ လို အလှူပစ္စည်းတွေကိုလည်း တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေမှာ လှူဒါန်းနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဆိုထားပါတယ်။
မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ဖို့ လှူဒါန်းထားတဲ့ ကျပ်သိန်းပေါင်း တစ်သိန်း သုံးသောင်းကျော်ထဲက စစ်ကောင်စီဟာ သိန်း(၇၀၀၀၀) ကိုသာ ရခိုင်ပြည်နယ် ပြန်လည်ထူ ထောင်ရေးအတွက် အသုံးပြုထားတယ်လို့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး မုန်တိုင်းကြောင့် ထိခိုက်နစ်နာမှု ပမာဏကြီးမားတာကြောင့် သတ်မှတ်ထားတဲ့ အထူးရန်ပုံငွေကို မဖြစ်မနေအသုံးပြုရမှာဖြစ်သလို အလှူရှင်တွေရဲ့ငွေနဲ့ နိုင်ငံတော်ဘတ်ဂျက်ကို ပွင့်လင်းမြင် သာစွာချပြဖို့လိုတယ်လို့ ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းက ထောက်ပြထားပါတယ်။
“အလှူရှင်တွေဆီက ရငွေလောက်နဲ့ မလောက်မငှနိုင်ဘူး။ ဒါကြောင့် သဘာဝဘေးအန္တရာယ်နဲ့ စီမံခန့်ခွဲ ထားတဲ့ သတ်မှတ်ထားတဲ့ ငွေကြေးတွေသုံးဖို့ အဓိကလိုအပ်တာပေါ့။ ဒီလိုအခြေအနေမျိုးမှာ မသုံးမဖြစ် သုံးရမှာဖြစ်ပါ တယ်။ ဆိုတော့ အလှူရှင်တွေဆီကရတာက ကောင်းပါတယ်၊ ဒါပေမယ့် အစိုးရရဲ့ သတ်မှတ်ထားတဲ့ အထူးရန်ပုံ ငွေတွေက ကူညီဆောင်ရွက်ပေးဖို့လိုတယ်။ ဘာလို့ဆို ထိခိုက်နစ်နာသူ ပမာဏများတဲ့အခါမှာ နှစ်ခုစလုံးကို အကျိုးရှိရှိ ပွင့်လင်းမြင်သာစွာ ဘယ်လောက်သုံးမယ်၊ နိုင်ငံတော်ဘတ်ဂျက်က ဘယ်လောက်သုံးမယ်ဆိုတာမျိုး ဖြစ်ဖို့လိုတယ်။ ဒါမှမဟုတ် အလှူရှင်ငွေကို ဘတ်ဂျက်သုံးသလိုလိုနဲ့ ဒါကလည်း သူတို့အတွက် ငွေယိုပေါက်တွေ မသမာမှုတွေလည်း ရှိလာနိုင်တာပေါ့။”
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှုင်းရေးရုံး (OCHA) ကတော့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက် မြောက်ပိုင်းက မုန်တိုင်းဖြတ်ကျော်သွားတဲ့ လမ်းကြောင်းမှာ နေထိုင်တဲ့ လူဦးရေ (၅.၄) သန်းကျော်လောက် မုန် တိုင်းဒဏ်သင့်ထားတယ်လို့ ခန့်မှန်းထားပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေမှာတော့ ဘေးသင့်ပြည်သူတွေအတွက် လုံလောက်တဲ့ စားနပ် ရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ပြန်လည်ထူထောင်ရေးပစ္စည်းတွေကို ဆက်လက်ထောက်ပံ့တာနဲ့ ခွင့်ပြု ရန်ပုံငွေကနေ သင့်လျော်တဲ့ ထောက်ပံ့ကူညီမှုတွေပေးရမယ်လို့ ပြဌာန်းထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့်မှာလည်း ပြန်လည် ထူထောင် ရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ နေပြည်တော်၊ တိုင်းနဲ့ ပြည်နယ်တွေက တင်ပြလာပါက လိုအပ်တဲ့ရန်ပုံငွေကို စိစစ်ပံ့ပိုးပေးရမယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
ကျောက်တော်မြို့နယ်၊ မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးကလည်း လက်ရှိအချိန်ထိ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကနေ မုန်တိုင်းဒဏ်သင့်ထားတဲ့ ပြည်သူတွေအတွက် ရန်ပုံငွေချပေးတာ မရှိသေးဘဲ မြို့နယ်ရဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းကိုသာ တင်ပြထားတယ်လို့ ပြောပါတယ်။
“အိမ်အလုံး ၃၀၀၀ ကျော်လောက်ရှိမယ်၊ အဲဒါက မြို့ပေါ်တစ်ခုပဲ ရှိသေးတယ်။ ကျောက်တော်မြို့နယ်မှာ တစ်ရွာ လုံးနီးပါး ပါသွားတဲ့ ရွာတွေချည်းပဲ။ အာဏာပိုင်အဖွဲ့အစည်းတွေက လောလောဆယ် ကူညီနေတာ မရှိသေးဘူး၊ ဒါပေမယ့် သူတို့ကကူညီပေးမယ်ဆိုပြီး စစ်ကောင်စီဘက်က အဆောက်အအုံပျက်စီးမှုတွေကို ဓာတ်ပုံမှတ်တမ်း ယူနေတာရှိတယ်။ အိမ်ထောင်စုစာရင်း ယူနေတာရှိတယ်။ သူတို့ထောက်ပံ့မယ်လို့ ပြောပါတယ်။ အဲဒါတွေတော့ ယူနေပါတယ်။ လက်ရှိမှာတော့ ထောက်ပံ့တာတွေ မရှိသေးပါဘူးဗျ” လို့ သူက ဆိုပါတယ်။
စစ်ကောင်စီဘက်က မေလ(၁၅) ရက်နေ့ ညပိုင်းအထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ တိုင်းဒေသကြီး (၅)ခုနဲ့ ပြည်နယ်(၄) ခုမှာ လူနေအိမ်(၁၁၅၀၀) ကျော်၊ သာသနိက အဆောက်အအုံ (၇၃)လုံး၊ ဘုန်းကြီး ကျောင်း(၄၇) ကျောင်း၊စာသင်ကျောင်း(၁၆၀) ကျော်၊ ဆေးရုံ/ ဆေးခန်း(၂၉) ခု၊ ဆက်သွယ်ရေးတာဝါတိုင် (၁၁) ခု၊ ဓာတ်မီး တိုင်(၁၁၉) တိုင်၊ ထရန်စဖော်မာ (၅) ခု၊ လေဆိပ်(၂)ခုနဲ့ ဌာနဆိုင်ရာ အဆောက်အအုံ(၁၁၂) လုံး ပျက်စီးသွား တယ်လို့ ဆိုထားပါတယ်။
သေဆုံးစာရင်းမှာလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ပေးနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အပါ အဝင် ဒေသခံ (၂၁) ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကဆိုထားပေမယ့် ဒေသတွင်း ရခိုင်အခြေစိုက် သတင်း ဌာနတွေရဲ့ ဖော်ပြချက်မှာတော့ စစ်တွေမြို့နယ်က မွတ်စလင်ကယ်ဆယ်ရေးစခန်းမှာတင် ဒုက္ခသည်(၄၀၀) ကျော်သေဆုံးထားတယ်လို့ ဖော်ပြထားကြပါတယ်။
မြေပြင်အခြေအနေမှာတော့ သေဆုံးမှုအရေအတွက်ဟာ အဲဒီထက်ပိုနိုင်သလို ပျောက်ဆုံးသူတွေလည်း ရာနဲ့ချီ ရှိ နေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရသလို ရခိုင်ပြည်နယ်အတွင်းက နေရာတော်တော် များများမှာ (၉၅) ရာခိုင်နှုန်းအထိ ပျက်စီးဆုံးရှုံးမှုရှိတယ်လို့ မြေပြင်ကယ် ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်(၁၇) မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် စစ်ကောင်စီက သတ်မှတ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။