ရခိုင်ပြည်အတွင်းက မုန်တိုင်းဘေးသင့် မြို့နယ်များတွင် အခြေခံစားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းများကို အဆမတန် ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချမှုများရှိနေခြင်းကို သက်ဆိုင်ရာအာဏာပိုင်များက စနစ်တကျ ကိုင် တွယ်ဖြေရှင်းပေးရန် လိုအပ်နေသည်။
မုန်တိုင်းကာလကို အခွင့်ကောင်းယူပြီး စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို ပုံမှန်ထက် နှစ်ဆနီးပါးမြှင့်တင်၍ ရောင်းချမှုများရှိနေ၍ အခက်အခဲဖြစ်ရသည်ဟု စစ်တွေမြို့က ဒေသခံတစ်ဦးက ပြော သည်။
“အခုမုန်တိုင်းကာလမှာ ကုန်ဈေးနှုန်းတွေက သိပ်ကို မြှင့်တက်သွားတယ်။ အရင်က ရေသန့် (၂၀ လီတာ) တစ် ဘူးကို ငွေ ၆၀၀ ကျပ်သာရှိခဲ့ပေမဲ့ အခုက ၁၅၀၀ အထိမြှင့်တက်သွားတော့ သိပ်ကို အခက်အခဲ ဖြစ်တာပေါ့။ အမှန် တယ်ဆိုရင် ဒီလိုမုန်တိုင်းကာလမျိုးမှာ အခုလိုဈေးမြင့်တင်ပြီးရောင်းချတာတွေက မဖြစ်သင့်ဘူး” ဟု သူက ပြောသည်။
ရခိုင်ပြည်အတွင်းက စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ စသည့်မြို့နယ် များတွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် နေအိမ်များ၊ စာသင် ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့ပြီး ပြည်သူများမှာလည်း အရေးပေါ် အကူညီများ လိုအပ်နေသည်။
လက်ရှိတွင် အခြေခံ စားသောက်ကုန်များ အပါအဝင်၊ အိမ်ဆောက်ပစ္စည်းများ၊ စက်သုံးဆီစသည့် ဈေးနှုန်းများ မှာ အဆမတန်မြှင့်တက်လျက် ရှိသဖြင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အရေးပေါ်ကိုင်တွယ်ဖြေရှင်းပေး ရန် လိုအပ်နေသည်ဟု မြောက်ဦးမြို့က ဒေသခံအမျိုးသမီးတစ်ဦး ပြောသည်။
“ပြည်သူတွေ အခက်အခဲဖြစ်နေချိန်မှာ အခွင့်ကောင်းယူပြီး ကုန်ဈေးနှုန်းတွေကို အခုလို အဆမတန်တောင်းပြီး ရောင်းချနေတာတွေကို အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးသင့်တယ်။ အခုက လူတိုင်းမှာ ကိုယ့်အပူနဲ့ကိုယ် အခက်အခဲ ဖြစ်နေကြတယ်။ အဲဒီလိုအချိန်မှာ ကုန်ဈေးနှုန်းတွေကို ဈေးမြှင့်ပြီး ရောင်းချနေတော့ တော်တော်စိတ်မကောင်းဖြစ်ရတယ်” ဟု သူက ပြောသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန် အိမ်ဆောက် ပစ္စည်းများကို အလုအယက်ဝယ်ယူမှုများ ရှိလာသဖြင့် ကုန်ပစ္စည်းများ ပြတ်လပ်မှုများရှိလာသလို ဈေးနှုန်းများ မှာလည်း အဆမတန်မြင့်တက်လာခြင်းဖြစ်သည်။
လက်ရှိကုန်ဈေးနှုန်းမြှင့်တက်နေခြင်းနှင့်ပတ်သတ်၍ မည်ကဲ့သို့ ကိုင်တွယ်ထိန်းကွပ်သွားမည့်အစီအစဉ် ရှိ/မရှိကို သိရှိနိုင်ရန် ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ/ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို DMG က ဆက် သွယ်ရာတွင် အစည်းအဝေးလုပ်နေသည်ဟုဆိုကာ ဖုန်းချသွားသည်။
တစ်ဖက်တွင် မုန်တိုင်းကာလအလွန် အခြေခံစားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများကို ရောင်းချနေသည့် ကုန်သည်များအနေဖြင့် ပြည်သူများ အခက်အခဲဖြစ်နေသည့် အချိန်တွင် အခွင့်ကောင်းယူပြီး ဈေးနှုန်းမြှင့်တင် မရောင်းချကြရန် ရက္ခိုင့်တပ်တော် (AA)မှ တိုက်တွန်ထားသည်။
ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ (AA) စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “အခြေခံစားကုန်နဲ့ အခြားကုန်ပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားနေကြတဲ့ ကုန်သည်တွေအနေနဲ့ အခုလို ပြည်သူတွေ အခက်အခဲကြုံနေရတဲ့ ကာလကို အခွင့်အရေးယူပြီး အဆမတန် ဈေးနှုန်းမြှင့်တင်တာတွေ မလုပ် ကြဖို့ သတိပေးပြောကြားလိုတယ်” ဟု မေလ ၁၆ ရက်နေ့တွင် ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မုန်တိုင်းဘေးသင့် ရခိုင်ပြည်သူများမှာ စားဝတ်နေရေးနှင့် ဆေးဝါး အခက်အခဲများကို ဆိုးဝါးစွာရင် ဆိုင်နေကြရပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ၊ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်မှု၊ အကူအညီများ ကင်းမဲ့လျက်ရှိနေသဖြင့် အရေးပေါ်အကူညီများလိုအပ်လျက်ရှိကြောင်း မေလ ၁၅ ရက်နေ့တွင် ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA ) က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ဒေသခံ ရာနှင့်ချီသေဆုံးခဲ့ကာ ယခုအချိန်ထိ ပျောက်ဆုံး နေသူများရှိသလို နေအိမ်များ၊ အဆောက်အအုံ အများအပြားလည်း ပျက်စီးသွားခဲ့သည်။